၁၂.၆.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဒုံပြည်နယ် တက္ကသိုလ်ရဲ့ ပါမောက္ခ ရှုရှင်ဂန်ရဲ့စမ်းသပ်တီထွင်နိုင်မှုက အားကောင်းတဲ့နဂါးကြီးလို့လည်းတင်စားခေါ်ဝေါ်ကြတဲ့ တရုတ်နိုင်ငံရဲ့ ကိုယ်ပျောက်တိုက်လေယာဉ် J-20 ရဲ့ ရေဒါဖမ်းယူနိုင်မှု အကွာအဝေးကို သုံးဆခန့်မြင့်တက်လာတဲ့အထိ အကူအညီပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို J-20 ကိုယ်ပျောက်တိုက်လေယာဉ်ရဲ့ ရေဒါဖမ်းယူနိုင်မှု အကွာအဝေး မြင့်တက်လာနိုင်ခဲ့တာက လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်း ရှန်ဒုံတက္ကသိုလ်မှ သိပ္ပ္ပံပညာရှင် ပါမောက္ခ ရှုရှင်ဂန် ခေါင်းဆောင်ပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေမှာ တိုးတက်မှုတွေပြုလုပ်လာနိုင်ခဲ့လို့ဖြစ်တယ်ဆိုတာ ရှန်ဒုံတက္ကသိုလ်က ပြောခဲ့ပါတယ်။
ပါမောက္ခ ရှုရှင်ဂန်နဲ့အဖွဲ့တို့က စွမ်းဆောင်နိုင်ခဲ့တဲ့ ဆီလီကွန်ကာဗိုဒ်(SiC) တစ်ပိုင်းလျှပ်ကူးပစ္စည်း မှာ တိုးတက်လာခဲ့မှုတွေက တိုက်လေယာဉ်ရေဒါစနစ်တွေရဲ့ စုံစမ်းထောက်လှမ်းနိုင်မှုအကွာအဝေးကို သုံးဆထိမြင့်တက်လာစေတာပါ။ ဒါက တရုတ်နိုင်ငံရဲ့ ရေဒါစနစ်တွေအဖို့ ရန်သူကို လျင်မြန်စွာထောက်လှမ်းသိရှိစေပြီး ဦးစွာလှုပ်ရှားဆောင်ရွက်နိုင်မှုကြောင့် အကျိုးကျေးဇူးရစေလိမ့်မယ်လို့ ရှန်ဒုံတက္ကသိုလ်က လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။
J-20 ကိုယ်ပျောက်တိုက်လေယာဉ်ရဲ့ လေယာဉ်ပေါ်တပ်ဆင်ထားတဲ့စနစ်တွေကနေ ခေတ်ရှေ့ကိုဆန်းသစ်နေတဲ့လက်နက်တွေထဲမှာ ဒီကွန်ပျူတာချစ်ပ် တစ်ပိုင်းလျှပ်ကူးပစ္စည်းကအမျိုးသားလုံခြုံရေးအတွက် အရေးပါလွန်းပါတယ်လို့ လူမှုကွန်ရက်မှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ ဒီတီထွင်နိုင်မှုက တရုတ်ရေဒါစနစ်တွေရဲ့ ထောက်လှမ်းနိုင်မှုအကွာအဝေးကို တိုးမြင့်စေမယ်။ ဒုံးကျည်တွေရဲ့ ပစ်မှတ်ကို တိကျစွာထိမှန်မှုကိုတိုးတက်ကောင်းမွန်စေမယ်။ လေဆာလက်နက်တွေကို အဆင့်မြင့်စေမယ်။ကာကွယ်ရေးနည်းပညာတွေမှာ မရှိမဖြစ်တဲ့ အမာခံအကာအကွယ်တစ်ခုကို ပြုလုပ်ပေးနိုင်မယ်လို့ လူမှုကွန်ရက်ပို့စ်က ဆိုခဲ့ပါတယ်။
အားကောင်းတဲ့နဂါးကြီးလို့လည်းသိကြတဲ့ J-20 ကိုယ်ပျောက်တိုက်လေယာဉ်က အင်ဂျင်နှစ်လုံး တပ်ဆင်ထားပြီး အမေရိကန်ရဲ့ အသံထက်မြန် ကိုယ်ပျောက်တိုက်လေယာဉ် F-22 Raptor ကို ယှဉ်ပြိုင်နိုင်စွမ်းရှိမှာပါ။ J-20 တိုက်လေယာဉ်က ၂၀၁၇ ခုနှစ်၊ မတ်လမှာ စတင်ပြီး တရားဝင် တပ်တော်ဝင်လာတာပါ။
ရှန်ဒုံတက္ကသိုလ်၊ ခေတ်မီတစ်ပိုင်းလျှပ်ကူးပစ္စည်းများမဟာဌာနရဲ့ ဌာနမှူး ရှုရှင်ဂန်ကလည်း ဒီတီထွင် တွေ့ရှိမှုက နိုင်ငံရဲ့ လိုအပ်ချက်တွေကို ဖြည့်စွမ်းပေးနိုင်ဖို့ ကျွမ်းကျင်သူတွေအတွက် အရေးကြီးတယ်လို့လည်း ပြောခဲ့ပါတယ်။
“အမေရိကန်နိုင်ငံရဲ့ ခေတ်အမီဆုံး ကိုယ်ပျောက်တိုက်လေယာဉ် F-35 မှာတော့ ဆီလီကွန်ကာဗိုဒ် တစ်ပိုင်းလျှပ်ကာပစ္စည်းနဲ့ THADD တိုက်ချင်းပစ် ဒုံးပျံကာကွယ်ရေးစနစ်ကို သုံးတာပါ။ ခေတ်မီအဆင့်မြင့်တဲ့ ရေဒါစနစ်မပါဝင်ရင် ဘယ်လောက်ပဲ ကောင်းမွန်ပါတယ်ဆိုတဲ့လက်နက်တွေ တပ်ထားပါစေ၊ ထိရောက်မှုမရှိနိုင်ပါဘူး” လို့ ရှုက ပြောခဲ့ပါတယ်။
ဒါ့ပြင် ရှုက “ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဒီလိုပစ္စည်းတွေကို ပြည်ပနိုင်ငံတွေကနေ မရရှိနိုင်တဲ့အခါမှာ ကျွန်တော်တို့အဖွဲ့အနေနဲ့ သန့်စင်မှုမြင့်မားတဲ့ ဆီလီကွန်ကာဗိုဒ် တစ်ပိုင်းလျှပ်ကာပစ္စည်းပုံဆောင်ခဲတွေကို ထုတ်လုပ်ဖို့ မြင့်မားတဲ့နည်းပညာတွေကို ရည်စူးလုပ်ဆောင်နေတာပါ” လို့ ဗီဒီယိုကနေ ပြောကြားခဲ့ပါတယ်။
ဈေးကြီးပြီးအရည်အသွေးမြင့်တဲ့ပြည်တွင်းဖြစ်ကိရိယာတွေ တိုးတက်မှုက တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေမှာဆို စွမ်းဆောင်ရည်တိုးတက်မှုမရှိတာ၊ အရည်အသွေးနိမ့်ကျတာနဲ့ လုပ်ငန်းစဉ်မှာနောက်ဆက်တွဲ အခက်အခဲတွေတွေ့ရတာ စတဲ့ စိန်ခေါ်မှုတွေကို တစ်ချိန်က ရင်ဆိုင်ခဲ့ရတယ်လို့လည်း ရှုက ပြောခဲ့ပါတယ်။
ခုလို တစ်ပိုင်းလျှပ်ကူးပစ္စည်းနည်းပညာတွေမှာ တိုးတက်လာမှုက စစ်ဖက်တိုးတက်မှုအတွက်သာမက လျှပ်စစ်ကားတွေမှာ ဘက်ထရီကြာရှည်ခံမှု၊ အဝေးဆုံးသွားလာနိုင်မှုအကွာအဝေးစတာတွေကိုလည်း တိုးတက်ကောင်းမွန်စေမှာပါ။ ဆီလီကွန်နဲ့ ကာဘွန်ဒြပ်ပေါင်းဖြစ်တဲ့ ဆီလီကွန်ကာဗိုဒ်က သမားရိုးကျ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေထက် အပူချိန်အလွန်မြင့်မားတဲ့အချိန်မှာ စွမ်းအင်မြင့်ကိရိယာတွေအတွက် အထူးသင့်တော်တဲ့ နည်းပညာမြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းပါ။ သူ့ကို အမေရိကန်တီထွင်သူတစ်ဦးက ၁၈၉၁ ခုနှစ်မှာ စတင်တွေ့ရှိပြီး ကိရိယာတွေဖြတ်တောက်တာ၊ စက်မှုလုပ်ငန်းသုံး မီးဖိုကြီးတွေအတွက် အပူပေးပစ္စည်းတွေကိုဖြတ်တောက်တာနဲ့ အလင်းရောင်ထုတ်လွှတ်တဲ့ လျှပ်ခေါင်းတွေအတွက် တစ်ပိုင်းလျှပ်ကူးအောက်ခံလွှာတွေအဖြစ် သုံးခဲ့ကြပါတယ်။
ရှုက ဆီလီကွန်ကာဗိုဒ် တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေကို ၂၀၀၀ ပြည့်နှစ်ကစလို့ လေ့လာမှု စတင်လာခဲ့တာပါ။ သူက သိသာတဲ့ တိုးတက်အောင်မြင်မှုတွေ ရခဲ့ပြီးနောက် သူ့ရဲ့သုတေသန လုပ်ငန်းအောင်မြင်မှုက ဆီလီကွန်ကာဗိုဒ် တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေနဲ့ ကွန်ပျူတာချစ်ပ်တွေကို ပြည်တွင်းမှာပဲ ထုတ်လုပ်နိုင်မှာဖြစ်ပြီး နောက်ဆုံးလေဆာလက်နက်စီမံကိန်းတွေအထိ အောင်မြင်အောင် အထောက်အပံ့ပေးနိုင် မယ်လို့ သုံးသပ်ကြပါတယ်။
Ref -SCMP
