




၁၀.၆.၂၀၂၅
Written By Thandar
ယနေ့ နယုန်လပြည့်နေ့ ဇွန်လ ၁၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ ပြည်တွင်းပြည်ပ သာသနာပြု ကျေးဇူးတော်ရှင် အလိုတော်ပြည့်ဆရာတော်ဘုရားကြီးရဲ့ သက်တော် ၈၁ နှစ်ပြည့် ဝိဇာတပူဇာမင်္ဂလာ အထိမ်းအမှတ်အလှူကို ကျင်းပခဲ့ရာ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
“ဦးဇင်းတို့ရဲ့ အလိုတော်ပြည့် ဆရာတော်ဘုရားကြီးရဲ့ သက်တော် ၈၁ ပြည့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ဆရာလေးသီလရှင်လေးတွေကို ဆွမ်း ဆန်တော်၊ စားသောက်ကုန်တွေ လောင်းလှူတယ်။ ဒါပြင့် မရှိဆင်းရဲနွမ်းပါးတဲ့ ဆိုက္ကားဆရာတွေ အခြေခံပြည်သူတွေလည်း လှူဒါန်းဖြစ်ပါတယ်။ ဆရာတော်ကြီးသက်ရှည်ကျန်းမာပြီး ခုပြုနေတဲ့ သာသနာအကျိုးတွေ ဒီထက်မက သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်” လို့ ဆရာတော်အသျှင်ကုမာရ@ဦးဇင်းဘီလူးက မိန့်တော်မူပါတယ်။
အဆိုပါ အခမ်းအနားကိုတော့ အနုပညာရှင်တွေဖြစ်တဲ့ ဥက္ကာကျော်၊ သားဂန်း၊ စိန်လင်း၊ ဖိုးဇော်၊ ချစ်စနိုးဦး၊ ဘေဘီမောင်၊ သံစဉ်မောင်၊ မီကိုခန့်၊ သက်မှူးခင်၊ ကေသီနွယ်၊ မြတ်နိုးပိုင်၊ ဧကရီစုစံ စတဲ့သူတွေ တက်ရောက်ခဲ့ပြီး လှူဖွယ်တွေအစုစုကို လှူဒါန်းခဲ့ကြပါတယ်။
အလိုတော်ပြည့်ဆရာတော်ဘုရား မွေးနေ့အလှူမှာတော့ ဆရာလေးသီလရှင် အပါး ၁၀၀ နဲ့ မရှိဆင်းရဲနွမ်းပါးတဲ့ ဆိုက္ကားဆရာတွေ၊ အခြေခံပြည်သူတွေ ၅၀၀ ဦးတို့ကို ဆန်၊ ခေါက်ဆွဲခြောက်၊ ဆပ်ပြာခဲ၊ ဆီ၊ ခြင်ဆေးခွေ၊ ဆား၊ တစ်ရှုး၊ မုန့်၊ သွားတိုက်ဆေး၊ ငါးမုန့်ကြော်၊ ဂေါ်ဖီထုပ်၊ ပဲသီး စတဲ့ စား သောက်ကုန်တွေအပြင် ငွေသားတချို့ ပေးဝေလှူဒါန်းခဲ့ကြပါတယ်။