◾ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့အတွင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုပါ SAC ဥက္ကဋ္ဌကိုယ်တိုင် ယနေ့ သွားရောက်ကြည့်ရှု့စစ်ဆေး




၁၀. ၆. ၂၀၂၅
Written by Nyein Kyaw
စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့အတွင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ယနေ့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
SAC ဥက္ကဋ္ဌနှင့် ဇနီး ဒေါ်ကြူကြူလှ၊ အဖွဲ့ဝင်များသည် စစ်ကိုင်းမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းသို့ ရောက်ရှိကြရာ ပညာရေးဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ယူထားရသည့် သင်ကြားရေးလုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်နှင့် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး အတွက်လည်း စည်းရုံးဆောင်ရွက်သွားကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားသည်။
ထို့နောက် ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်မြတ်ကြီးသို့ ရောက်ရှိကြရာ SAC ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးဆွမ်းတို့ကို ကပ်လှူပူဇော်ခဲ့ပြီးနောက် မန္တလေးငလျင်ကြီး မလှုပ်ခတ်မီ မှတ်တမ်းဓာတ်ပုံများနှင့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှု့စစ်ဆေးပြီး ထိခိုက်ပျက်စီးခဲ့ရမှုများကို မူလလက်ရာအတိုင်း ပြန်လည်ပြင်ဆင် ဆောင်ရွက်သွားရန် SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။





ထို့ပြင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဆွမ်းဦးပုညရှင်စေတီတော်သို့ ရောက်ရှိကြပြီး စေတီတော်မြတ်ကြီးအား ရှေးမူမပြတ် မူလပုံစံအတိုင်း ပြန်လည်ပြင်ဆင် ထိန်းသိမ်းဆောင်ရွက်သွားရန်၊ စေတီတော်မြတ်ကြီး၏ ယခင်မှတ်တမ်းဓာတ်ပုံများကို ပြန်လည်စုဆောင်း၍ သမိုင်းမှတ်တမ်းဓာတ်ပုံများ စနစ်တကျပြုစုထားရှိသွားရန်နှင့် စေတီတော်ကြီးနှင့် သာသနိကအဆောက်အဦများ ပြန်လည်တည်ဆောက်ရာတွင် ခိုင်ခံ့မှုရှိစေရေး စနစ်တကျ တွက်ချက်တည်ဆောက်သွားရန် SAC ဥက္ကဋ္ဌက မှာကြားသည်။
ယင်းနောက် SAC ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များသည် ဧရာဝတီတံတား(ရတနာပုံ)သို့ ရောက်ရှိကြရာ တာဝန်ရှိသူတစ်ဦးက စစ်ကိုင်းတံတား(အင်းဝ) ဂုံးအမှတ်(၄)နှင့်(၅) အပျက်အစီးများကို ဖယ်ရှားရှင်းလင်း၍ ရေလမ်းကြောင်း ဖွင့်လှစ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဧရာဝတီတံတား(ရတနာပုံ)တွင် Lateral Bracing, Bearing နှင့် Pier တိုင်များ ပျက်စီးသည့် အခြေအနေများရှင်းလင်း တင်ပြမှုအပေါ် SAC ဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီးသို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ဖြစ်ပေါ်ချိန်တွင် ပြင်းထန်သော လှုပ်ခတ်မှုများကြောင့် မြေခခဲ့ရသည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့၌ စေတနာရှင် အများပြည်သူများ လှူဒါန်းထားရှိသည့် ရတနာရွှေငွေကျောက်သံပတ္တမြားနှင့် စိန်ဖူးတော်များ၊ ငလျင်လှုပ်ခတ်စဉ် ကွာကျခဲ့ရသည့် ရှေးဟောင်းလက်ရာ နံရံဆေးရေးပန်းချီများ ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ထိခိုက်ပျက်စီးခဲ့ရမှုများအား မူလလက်ရာမပြတ် စနစ်တကျဖြင့် ပြန်လည်ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းများ ကို ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အင်ဂျင်နီယာရှုထောင့်မှကြည့်၍ ပြုပြင်မှုများကို ရေရှည်တည်တံ့ခိုင်မြဲအောင်ဆောင်ရွက်သွားရန်နှင့် ပြုပြင်မှုများကို စနစ်တကျ မှတ်တမ်းထားရှိရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြးသည်။
ဆက်လက်ပြီး မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးသို့ ရောက်ရှိကြပြီးနောက် ကျောင်းတော်ကြီးအတွင်းရှိ စူဠာမုနိရုပ်ရှင်တော်မြတ်နှင့် ဗုဒ္ဓရုပ်ပွားတော် မြတ်များကို ဖူးမြော်ကြည်ညိုကာပြီးနောက် စူဠာမုနိရုပ်ရှင်တော်မြတ်အား ပိုမိုကြည်ညိုသပ္ပါယ်ဖွယ် ဖြစ်စေရေးအတွက် ရွှေသင်္ကန်းတော်နှင့် ရွှေပလ္လင်တော် ကပ်လှူပူဇော်ထားရှိမှုအား ကြည့်ရှုပြီး လိုအပ်သည်များကို SAC ဥက္ကဋ္ဌက မှာကြားသည်။ ယင်းနောက် SAC ဥက္ကဋ္ဌက မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး ကျောင်းတော်ကြီးကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။