
၁၀.၆.၂၀၂၅
Written By Zun
အကြမ်းဖက်လက်နက်ကိုင် TNLA က အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ကိုင်သူတရုတ် ၁၂ ဦးကို ဖမ်းဆီး၍ တရုတ်ရဲတပ်ဖွဲ့ထံ ယနေ့ ဇွန်လ ၁၀ ရက် နံနက်က လွဲပြောင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထိုကျားဖြန့်တရုတ်များမှာ နမ့်ခမ်းမြို့နယ်မှ (၄)ဦး၊ ကွတ်ခိုင်မြို့နယ်မှ (၅)ဦးနှင့် နမ္မတူမြို့နယ်မှ (၃)ဦးဖြစ်ပြီး နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့နယ်မှဖမ်းဆီးရမိသူ (၉)ဦးကို စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး နမ္မတူမြို့နယ်မှ ဖမ်းဆီးရမိသည့် (၃)ဦးမှာ ကျားဖြန့်လုပ်ငန်းလုပ်ရန်စီစဉ်နေချိန် သတင်းရ၍ သွားရောက် ဖမ်းဆီးခဲ့သူများ ဖြစ်ကြောင်း သိရသည်။

ယင်းတို့မှာ တရုတ်နိုင်ငံသား ဝမ်ထန်လင်၊ ဝမ်ကေ့ကန်၊ ကျန့်ရှောင်ချိန်၊ ခုန်ချင့်ဆော့၊ ထန်မောင်ချွန်း၊ ကျုံးချွင်း ဟုန်၊ချန်ကျား လင်၊ ကျောင်းယွီ၊ ဟုန်ချန်ရှင်း၊ အားဟောင်၊ အားဟွမ်နှင့် အားယွမ်တို့ဖြစ်ကြပြီး အားလုံး တရုတ်နိုင်ငံသားများ ဖြစ်ကာ ကျားဖြန့်လုပ်ကိုင်သည်ဟု ထွက်ဆိုခဲ့ ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိထားသူသည့် (၁၂)ဦးထဲတွင် (၁)ဦးမှာခြေထောက်တွင် ဒဏ်ရာရှိထားသောကြောင့် ဆေးကုပေးနေချိန်အတွင်း လူမှုကူညီရေးယာဉ်ဖြင့် လွဲပြောင်းပေးအပ်ခဲ့ရကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။