
၁၁. ၆. ၂၀၂၅
Written by Nay Moe
ကမ္ဘာ့ယဥ်ကျေးမှု အမွေအနှစ်နယ်မြေ ပုဂံညောင်ဦးဒေသမှာ ညောင်ဦး PDF တွေက အမျိုးသားသုံးဦးကို သတ်ဖြတ်ပြီး မော်တော်ယာဥ်နှစ်စီး လုယက်ခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဥ်က ၂၀၂၅ ခုနှစ်၊ ဇွန် ၉ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်မှာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ဒဟတ်ကန်ကျေးရွာမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ အမျိုးသားသုံးဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ အဆိုပါ ကျေးရွာနေ ဦးတင်စိုး(၅၆)နှစ်ဟာ တစ်ရွာတည်းနေ ဦးဝင်းနိုင်(၄၉)နှစ်၊ ဦးချမ်းသာ(၃၃)နှစ်တို့နဲ့အတူ နေအိမ်မှာ ရှိနေချိန် PDF ရှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်ငါးစီးနဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့တဲ့အပြင် ဦးဝင်းနိုင်နေအိမ်က YGN-22/ 3I-XXXX TOYOTA PASSO ခဲရောင်မော်တော်ယာဉ်နဲ့ MDY-6/4K-XXXX TOYOTA HIJET အဖြူရောင် မော်တော်ယာဉ် နှစ်စီးတို့ကို လုယက်ယူဆောင် ထွက်ပြေးသွားခဲ့လို့ သူတို့သုံးဦးမှာ ကျည်ထိမှန် ဒဏ်ရာများစွာရရှိကာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ်ကနေလက်ရှိ ကာလအထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်ဟာ “ဒလန်၊ သူလျှို၊ ပျူစောထီး၊ သတင်းပေး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်များစွာနဲ့ NLD, CRPH, NUG, PDF, EAOs တို့ရဲ့ သတ်ဖြတ်မှုကို ခံထားရပါတယ်။

