
၁၁.၆.၂၀၂၅
Written By Zun
မြန်မာနိုင်ငံသားတစ်ဦးက ဈေးဆိုင်ပိုင်ရှင် ထိုင်းအမျိုးသမီးကို ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းများတွင် ဇွန်လ ၁၀ ရက်က ဖော်ပြကြသည်။
ပြီးခဲ့သည့် ဇွန်လ ၅ ရက် မွန်းလွဲ ၂ နာရီ ခွဲခန့်က ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်မြို့တွင် အထက်ပါအတိုင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းများအရ သိရသည်။
ဖြစ်စဥ်တွင် မြန်မာနိုင်ငံသားက ဈေးဆိုင်၌ ၁၀ ဘတ်တန် အချိုရည်ဝယ်ယူပြီးနောက် ဖုန်း QR Scan ဖြင့် ငွေရှင်းပေးသည့်အခါ ဈေးဆိုင်ပိုင်ရှင်က လက်မခံကြောင်း၊ ဈေးဝယ်သူက ငွေသား မပါ၍ QR ဖြင့် လက်ခံပေးရန်ထပ်မံပြောဆိုခဲ့ရာဈေးဆိုင်ပိုင်ရှင်က QR ဖြင့် ငွေရှင်းမည်ဆိုပါက အနည်းဆုံး ဘတ် ၅၀ ဖိုးပစ္စည်းဝယ်ယူရမည်ဟု ပြောကြားသောကြောင့် ဒေါသထွက်ကာ အဆိုပါဆိုင်အတွင်းရှိနေသည့်ဓားကို လှမ်းယူကာထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဈေးဆိုင်ပိုင်ရှင် ထိုင်းအမျိုးသမီးမှာ အသက် ၅၉ နှစ်အရွယ်ရှိပြီး ၎င်းကို ဓားဖြင့်ထိုးခဲ့သူမှာ အသက် ၂၄ နှစ်အရွယ် မောင်ဇင်သန့်ပိုင်မိုး ဆိုသူဖြစ်ကာ ထိုင်းနိုင်အတွင်း အလုပ်လုပ်နေသူဖြစ်ကြောင်းသိရသည်။
ဓားထိုးခံရ၍ ထိုင်းအမျိုးသမီး၏ နားထင်၊ မျက်နှာ၊ လက်နှစ်ဖက်တို့တွင် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ယခုအခါကျူးလွန်သူ မြန်မာနိုင်ငံသားကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြထားမှုအရ သိရသည်။








