၁၁.၆.၂၀၂၅
Written by Hey Mar
ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးက အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးကို ခိုးယူလာပြီး စွန့်ပစ်သွားတယ်လို့ ယူဆရတဲ့ ဖြစ်စဉ် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၁၁ ရက် မနက် ၇ နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးထံကနေ သိရပါတယ်။
ကလေးက ယောကျ်ားလေးဖြစ်ပြီး သူ့ကိုတွေ့ရှိရတဲ့နေရာက တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာအုပ်စု၊ ဖလုံ-မြိုင်ဟေဝန်သွားလမ်း ဖလုံအနောက်ပိုင်း ဆည်မြောင်းတံတားအောက် ရေထဲမှာဖြစ်ပြီး လမ်းသွားလမ်းလာဒေသခံတစ်ဦးက အနီးကဖြတ်သွားစဉ် ကလေးငိုသံကြားရတာကြောင့် ရှာဖွေကြည့်ရာ ကလေးက ရင်ညွှန့်လောက်ထိရှိတဲ့ရေထဲမှာ အော်ဟစ်ငိုယိုနေတာကို တွေ့ရတာကြောင့် သွားရောက်ခေါ်ဆောင် ဆယ်ယူခဲ့တာလို့သိရပါတယ်။
လက်ရှိမှာတော့ တာဝန်သိပြည်သူတွေ၊ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ပူးပေါင်းဆာင်ရွက်မှုကြောင့် ကလေးကို မိရင်းဘရင်းတွေ လက်ထဲပြန်လည်ထည့်လိုက်နိုင်ပြီဖြစ်ကာ မိဘဖြစ်သူတွေကလည်း တိုက်ကြီးမြို့ပေါ်ကပဲလို့ သိရပါတယ်။ ကလေးပျောက်တဲ့နေရာနဲ့ ကလေးပြန်တွေ့တဲ့ နေရာက ၁၃ မိုင်ခန့်ကွာဝေးကာ ကလေးမိဘတွေဆီ ပြန်ပေးဆွဲငွေတောင်းခံတာတွေရှိမရှိတော့ သေချာမသိရရှိရသေးဘူးလို့လည်း ဖလုံကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုပါတယ်။
ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကလည်း “ကလေးက မနေ့က ဇွန်လ ၁၀ ရက်နေ့ ည ၇ နာရီအချိန်လောက်မှာ ပျောက်သွားလို့ဆိုပြီး မိဘတွေက တိုက်ကြီးရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတယ်။ ကလေးကိုတွေ့တော့ ကလေးက ကိုယ်လုံးတီးလေး ဆယ်ယူပြီးသွားတော့မှသာ ဘေးက ပုဆိုးပေးသူပေး၊ အင်္ကျီပေးသူပေးနဲ့ မို့။ ကလေးက တုန်ခိုက်နေပြီ။ ရေထဲမှာ။ ရဲကိုဆက်သွယ်တော့ ညကပျောက်လို့ တိုင်ချက်ဖွင့်တဲ့ကလေးဆိုပြီး မိသားစုနဲ့ပါတစ်ပါတည်း အပ်လိုက်နိုင်တယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဆိုင်ကယ်တားစီးတာကို လမ်းကြုံခေါ်ယူခဲ့တဲ့ သက်သေ အခုအခါ ပေါ်ထွက်လာနေပြီး ရဲတပ်ဖွဲ့ဘက်ကလည်း ကိုယ်ဝန်ဆောင်ဆိုတာကြောင့် အနီးစပ်ဆုံးဖြစ်စဉ်ဖြစ်တဲ့ ပြီးခဲ့တဲ့ ၅လပိုင်း ၂၈ ရက်နေ့က လှိုင်သာယာမြို့နယ်မှာ သုံးနှစ်သမီးငယ် အသတ်ခံရတဲ့ဖြစ်စဉ်က ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ တူညီမှုရှိမရှိ စစ်ဆေးနေတယ်လို့လည်း ထပ်မံသိရှိရပါတယ်။


