
၁၀. ၆. ၂၀၂၅
Photo Tha Doe
လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်မှုကို ၁၉၉၉ ခုနှစ်က စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစ ပျမ်းမျှငါးနှစ်တစ်ကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခဲ့ကြသလို အခု ၂ဝ၂၄-၂၀၂၅ ခုနှစ်မှာလည်း စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေပြားသင်္ကန်းတော်တွေ ကပ်လှူပူဇော်ခဲ့မှုက အောင်မြင်ပြီးစီးခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော့ မုခ်လေးဆူအတွင်းက ပွင့်တော်မူပြီးသောဘုရားရှင်တို့စံမြန်းရာ မုခ်လေးဆူဘက်မှာ မွမ်းမံမှုတွေ ဆက်လက်လုပ်ကိုင်နေပါတယ်။





လက်ရှိကာလမှာ စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ကပ်လှူပူဇော်ရာမှာ ရဟန်းရှင်လူ ပြည်သူတွေ လှူဒါန်းခဲ့တဲ့ ၆ ကျပ်သား (Gold Plate) ရွှေစင်ပြား ၁၄၀၃ ချပ်၊ ၁ ကျပ်သား (Gold Coating) ရွှေစင်ပြား (၁၀၇၀၀) ချပ်၊ ရွှေစင်အလေးချိန် ၁၉၂ ပိဿာ ၁ ကျပ်သား ၈ ပဲနဲ့ မျက်ပါးရွှေဆိုင်း (၁၄၁၈၁)ဆိုင်းတို့ကို ကပ်လှူပူဇော်ခဲ့တာဖြစ်ပြီး ဒီလို ရွှေသင်္ကန်း လုံးတော်ပြည့် ကပ်လှူပြီးစနဲ့ ဒီနေ့ဟာ နယုန်လပြည့် မဟာသမယအခါတော်နေ့ဖြစ်သလို မိုးဖွဲဖွဲရွာသွန်းနေပေမဲ့ ဘုရားဖူးပြည်သူတွေ အေးချမ်းစွာဖူးမြော်နေတာကိုလည်း တွေ့ရပါသေးတယ်။




