၂၈. ၁. ၂၀၂၃
Written by Pan Ei

Yash Raj Films က ထုတ်လုပ်ပြီး ဘောလိဝုဒ်မင်းသားကြီး ရှာရွတ်ခန်း အဓိကပါဝင် ရိုက်ကူးထားတဲ့ “Pathaan” ဇာတ်ကားဟာဆိုရင် ဇန်နဝါရီ ၂၅ ရက်မှာရုံတင်ပြသခဲ့ပြီး ရုံတင်ပြီး နှစ်ရက်အတွင်းမှာပဲ အိန္ဒိယရူပီး သန်း ၂၁၆၉ (ဒေါ်လာ ၂၆ ဒသမ ၉ သန်း) အထိ ရုံတင်ငွေရရှိခဲ့ပါတယ်။

“Pathaan” ဇာတ်ကားထဲမှာ ရှာရွတ်ခန်းက စပိုင်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားကို အိန္ဒိယနိုင်ငံတဝှမ်းမှာရှိတဲ့ ရုပ်ရှင်ရုံပေါင်း ၅၅၀၀ ခန့်နဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်းတစ်ရာကျော်ရဲ့ ရုပ်ရှင်ရုံပေါင်း ၂၅၀၀ ခန့်မှာ ပြသနေပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ရုပ်ရှင်ရဲ့ အဓိကသီချင်းတစ်ပုဒ်အတွက် ဗီဒီယို ထွက်ရှိလာစဉ် ဘာသာရေးအဖွဲ့အချို့က ဆန္ဒပြ၊ အငြင်းပွားမှုတွေရှိခဲ့ပေမယ့် ရုံတင်ပြသချိန်မှာတော့ ပရိသတ်တွေက ရုံပြည့်ရုံလျှံ အားပေးခဲ့ကြတာပဲဖြစ်ပါတယ်။

“Pathaan” ဟာဆိုရင် ရုံတင်ငွေ အကောင်းဆုံး ဟိန္ဒီစကားပြောရုပ်ရှင်ဖြစ်လာနေပြီး “ဒီဇာတ်ကားက လူတိုင်းကို စွဲဆောင်မှုရှိစေတဲ့ပုံစံနဲ့ ဖျော်ဖြေခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ တစ်ကမ္ဘာလုံးက အိန္ဒိယလူမျိုးတွေက ဒီဇာတ်ကားကို ကြိုက်နှစ်သက်ကြသလို ရုပ်ရှင်ရုံတွေမှာ ကြည့်ပေးကြပြီး အခုလို နွေးထွေးမှုကို သက်သေပြလိုက်တာက တကယ်ကို ထူးခြားပါတယ်”လို့ ထုတ်လုပ်ရေးကုမ္ပဏီရဲ့ စီအီးအိုဖြစ်သူ Widhani က ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *