MT News
၂၈. ၁. ၂၀၂၃

PDF များ ပြန်ပေးဆွဲဖမ်းဆီးသွားပြီး ကျပ်သိန်း ၁၀၀၀၀ ဖြင့် ရွေးယူခိုင်းသည့် ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံရွာအနီးရှိ Myanmar Effort အထည်ချုပ်စက်ရုံမှ တရုတ်နိုင်ငံသူနှင့် စက်ရုံမှူးအား ကျပ်သိန်း ၂၀၀၀ ဖြင့် ပြန်လည်ကယ်ဆယ်ရွေးယူရန် ညှိနှိုင်းမှု အဆင်ပြေခဲ့သည်ဟု သိရသည်။

ပခုက္ကူမြို့နယ်တွင် ဒေသန္တရကာကွယ်ရေးတပ်များ၊ NUG ၏ ပကဖများနှင့် PDF များ၊ KNU ထိန်းချုပ်ထားသော PDF အဖွဲ့များ၊ KIA ထိန်းချုပ်ထားသော PDF အဖွဲ့များ ရာနှင့်ချီ လှုပ်ရှားနေပြီး လက်ရှိ ပြန်ပေးဆွဲဖမ်းဆီးမှုကိုမူ ရေစကြိုနှင့် ပခုက္ကူမြိုနယ်အခြေစိုက် PDF နှစ်ဖွဲ့ ပူးပေါင်းလုပ်ဆောင်သည်ဟု ကနဦးသိရသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာအနီးရှိ Myanmar Effort Company Limited အထည်ချုပ်စက်ရုံမှ မန်နေဂျာဖြစ်သူ ဦးမျိုးဇင်ဝင်းနှင့် တရုတ်နိုင်ငံသူ အထည်ချုပ်ပညာရှင် Ms.GU ZHEN ZHEN တို့ ၂ ဦးအား PDF များက ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် လက်နက်ဖြင့် လာရောက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျပ်သိန်း ၁၀၀၀၀ နှင့် ပြန်လည်ရွေးယူခိုင်းကြောင်း ဇန်နဝါရီ ၂၇ ရက်ညတွင် SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က တရားဝင်အသိပေး သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်မှာ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာအနီးရှိ Myanmar Effort Company Limited အထည်ချုပ်စက်ရုံသို့ ဇန်နဝါရီ ၂၆ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် PDF များ မော်တော်ယာဉ်တစ်စီးဖြင့် လက်နက်ငယ်များကိုယ်စီ ကိုင်ဆောင်ရောက်ရှိလာပြီး အဆိုပါစက်ရုံဝန်းအတွင်း စက်ရုံလုံခြုံရေးဆောင်ရွက်နေသည့် ဝန်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက် ရိုက်နှက်၍ စက်ရုံအတွင်းဝင်ရောက်ကာ မန်နေဂျာဖြစ်သူ ဦးမျိုးဇင်ဝင်းနှင့် တရုတ်နိုင်ငံသူ အထည်ချုပ်ပညာရှင် Ms.GU ZHEN ZHEN တို့ ၂ ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ထို့ပြင် Laptop တစ်လုံးနှင့် လုံခြုံရေးဝန်ထမ်းများ၏ လက်ကိုင်ဖုန်း ၃ လုံးတို့ကိုပါ ယူဆောင်၍ ၎င်းတို့မောင်းနှင်လာသည့် မော်တော်ယာဉ်ဖြင့် မြောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

ပြန်ပေးဆွဲသွားပြီးနောက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ဖမ်းဆီးသူ PDF များ၏ ပြောဆိုစေခိုင်းချက်အရ မန်နေဂျာဦးမျိုးဇင်ဝင်းသည် စက်ရုံအတွင်းရှိ ဖုန်းတစ်လုံးအား ဆက်သွယ်၍ ငွေကျပ် သိန်း ၁၀၀၀၀ ကို အသင့်ပြင်ဆင်ထားပြီး ပြန်လည်ဆက်သွယ်ပေးရန် ဖုန်းဖြင့်ဆက်သွယ်လာခဲ့ကြောင်း သိရှိရသည်။ ထို့နောက် ပြန်ပေးဆွဲခံရသူနှစ်ဦးကို ကယ်ဆယ်ရန် ကျပ်သိန်း ၂၀၀၀ ဖြင့် ညှိနှိုင်းအဆင်ပြေခဲ့ကြောင်း သိရသည်။

အဆိုပါ Myanmar Effort Company Limited အထည်ချုပ်စက်ရုံတွင် စက်ရုံတာဝန်ခံအဖြစ် တရုတ်နိုင်ငံသား Mr. RAO MING CHUN အပါအဝင် တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ဝန်ထမ်း အမျိုးသား ၃၁၅ ဦး၊ အမျိုးသမီး ၇၈၅ ဦး စုစုပေါင်း ၁၁၀၀ ဦးရှိပြီး အဆိုပါ စက်ရုံသည် ၂၀၁၇ ခုနှစ်က စတင်တည်ဆောက်၍ ၂၀၁၈ ခုနှစ်တွင် စတင်လည်ပတ်ကာ အဝတ်အထည်များထုတ်လုပ်ပြီး တရုတ်နိုင်ငံသို့ Export ပြန်လည်တင်သွင်းနေသည့် စက်ရုံတစ်ခုဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *