၂၈. ၁. ၂၀၂၃
Written by Nay Aung

အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် Churachandpur ဒေသရှိ ယာယီအချုပ်ထောင်မှ မြန်မာနိုင်ငံသားသုံးဦးထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အိန္ဒိယရဲတပ်ဖွဲ့သည် ကလေးငယ် ၁၀ ဦးအပါအဝင် မြန်မာနိုင်ငံသား ၈၁ ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အိန္ဒိယရဲတပ်ဖွဲ့သည် မဏိပူရပြည်နယ် Tengnoupal ခရိုင်၊ မိုးရေးမြို့တွင် ဇန်နဝါရီ ၂၇ ရက်က မြန်မာနိုင်ငံသားများကို အိန္ဒိယနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများသည် မိုးရေးမြို့ရဲစခန်းမှ ၇ ကီလိုမီတာအကွာရှိ H Lhangcham ရွာနှင့် New Salbung ရွာတို့တွင် ပြန်လည်အခြေချနေထိုင်ရန် ကြိုးပမ်းသူများဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့ကပြောသည်။

မြန်မာနိုင်ငံသားများသည် အဆိုပါရွာနားတွင် ရွာအသစ်တည်ထောင်ရန် ကြိုးပမ်းနေထိုင်နေခြင်းဖြစ်ကြောင်း အိန္ဒိယအာဏာပိုင်များသည် အဆိုပါရွာများကို ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် တရားမဝင်နေထိုင်နေသော မြန်မာနိုင်ငံသားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အိန္ဒိယ သတင်းများက ဆိုသည်။

အိန္ဒိယအာဏာပိုင်များသည် အဆိုပါရွာတွင်ပြန်လည်အခြေချနေထိုင်ရန် ကြိုးပမ်းနေသော မြန်မာနိုင်ငံသားတစ်ဦးချင်းစီကို စစ်ဆေးခဲ့ပြီးနောက် အိန္ဒိယနိုင်ငံတွင်းသို့ တရားမဝင်ဝင်ရောက်ရန်ကြိုးပမ်းမှု နိုင်ငံခြားသားအက်ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံထံ နေရပ်စွန့်ခွာထွက်ပြေးခဲ့ပြီးအခြေကျနေထိုင်ရန် ကြိုးပမ်းမှုများလည်းရှိနေခဲ့ကြောင်း သိရသည်။ အိန္ဒိယသတင်းများ၏အဆိုအရ မြန်မာနိုင်ငံသား ၃၀၀၀၀ ကျော်သည် မြန်မာနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော အိန္ဒိယပိုင်နက်အတွင်း နေထိုင်လျက်ရှိနေကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *