၂၈. ၁. ၂၀၂၃
Written By Thandar

နင်မြင်ရင်ကြွေသွားမယ်၊ ဗာရာဏသီ၊ ကိုကိုလူဆိုးကြီး တေးသီချင်းတွေကို ရေးသားဖန်တီးခဲ့တဲ့ တေးရေးတေးဆို မင်းစည်သူကတော့ ဖြစ်ရပ်မှန် “မောင်ဝင်းရဲ့ နှင်းမြ” သီချင်းကို ထိုင်းကအစ်ကိုတစ်ယောက် ဖြစ်တဲ့ ဝင်းသူအောင်နဲ့ အကောင်းဆုံးကြိုးစားဖန်တီးထားတယ်လို့ MT News Entertainment ကိုပြောပါတယ်။

ဒီသီချင်းကို တေးရေးတေးဆို မင်းစည်သူရဲ့ YouTube မှာ တင်ပေးထားပြီး ဒီနေ့ ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းမှာ U G Entertainment မှာ တင်ပေးထားတာလည်းဖြစ်ပါတယ်။

“ကျွန်တော်ရဲ့ “မောင်ဝင်းရဲ့ နှင်းမြ” သီချင်းလေးကို ထိုင်းက အစ်ကိုတစ်ယောက်နဲ့ အတူတူတွဲဆိုထားတာပါ။ သူကလည်း ဖြစ်ရပ်မှန် သီချင်းမျိုး ဒရမ်မာဆန်ဆန်ဆိုချင်တယ်ပြောတယ်။ သူငယ်ချင်းနဲ့ နိုင်ငံချင်း မတူတော့ သီချင်းလုပ်ရတာ အခက်အခဲ နည်းနည်းတော့ရှိပါတယ်။ ဖြစ်ရပ်မှန်မို့ ရှေးခေတ်ဆန်တဲ့ နာမည်လေးတွေ သုံးထားတာပါ”လို့ တေးရေးတေးဆို မင်းစည်သူက ပြောပါတယ်။

“မောင်ဝင်းရဲ့ နှင်းမြ” သီချင်းကို Pop နဲ့ R& P ပုံစံ ရောစပ်ထားတဲ့ မြူးဇစ်ပုံစံလေးဖြစ်တယ်လို့ သိရပါတယ်။ ဒါရိုက်တာ ထွန်းအောင်လင်းက ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ မင်းစည်သူ၊ ရွှေဆု၊ နေလ၊ ခိုင်သဇင်ကိုအပြင် လူကြမ်းသရုပ်ဆောင် ခန့်ညား၊ မျိုးကို၊ ကျော်ကြီးတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

“ကျွန်တော် အဖွားတွေလက်ထက်က ရွာမှာဖြစ်ပျက်ခဲ့တဲ့ အကြောင်းလေးကို ကြားဖူးထားတာကို ဇာတ်လမ်းပုံစံ ဖန်တီးရေးဖွဲ့ထားတာပါ။ ကောင်မလေးက သူ့ကောင်လေးကို အကြောင်းမရှိအကြောင်းရှာ ဇာတ်လမ်းဖြတ်သွားတာရှိတယ်၊ ဘာကြောင့် ဖြတ်လဲဆိုတော့ သူ့ကို တခြားသူတစ်ယောက်ဖျက်ဆီးခံလိုက်ရတယ်။ သူ့ဘဝကို တခြားသူကို မပေးချင်ဘူး၊ သူ့ကိုသူ အဆုံးစီရင်သွားတာကို ကြားဖူးတာကို ရေးသားထားတာပါ”လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *