၂၈. ၁. ၂၀၂၃
Written by Ye Kyaw

မြန်မာနိုင်ငံသည် ကိုဗစ်အလွန်ကာလအတွက် အလားအလာကောင်းသည့် ခရီးစဥ်ဒေသတစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ်မှစတင်ကာ ခရီးသွားလုပ်ငန်းများ ပြန်လည်တိုးတက်လာနိုင်သည့်အတွက် ပြည်တွင်းရှိခရီးသွားလုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ပြောသည်။

“ကိုဗစ်ကာလအလွန်မှာ ပြောင်းလဲလာတဲ့ ခရီးသွားတွေရဲ့ ကြိုက်နှစ်သက်မှုပုံစံအရ လူနေထူထပ်တဲ့နေရာတွေထက် သဘာဝနဲ့နီးစပ်ပြီး လူသူကျဲပါးတဲ့နေရာတွေ ခရီးစဥ်ဒေသတွေကို ရွေးချယ်သွားလာကြတယ်လို့ စစ်တမ်းတွေအရရော ကမ္ဘာ့ခရီးသွားကျွမ်းကျင်ပညာရှင်တွေ သုံးသပ်ချက်တွေအရ သိရှိရပြီးတော့ ကျွန်တော်တို့မြန်မာနိုင်ငံဟာ ကိုဗစ်အလွန်ကာလအတွက် အလားအလာကောင်းတဲ့ ခရီးစဥ်ဒေသတစ်ခုဖြစ်ကြောင်း သတိပြုမိကြမှာဖြစ်ပါတယ်” ဟု ဦးမောင်မောင်ကျော်က ပြောသည်။

လက်ရှိ ၂၀၂၃ ခုနှစ်မှစတင်ပြီး ခရီးသွားလုပ်ငန်းများ ပြန်လည်တိုးတက်လာမည့် အခြေအနေများရှိနေခြင်းကြောင့် ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း၊ ပြည်ပခရီးလုပ်ငန်းများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

‘’အခု ၂၀၂၃ ခုနှစ်ကစပြီး ခရီးသွားလုပ်ငန်းတွေ ပြန်လည်တိုးတက်လာဖို့ အလားလာကောင်းတွေ ရှိနေတာကြောင့် ကျွန်တော်တို့နိုင်ငံအနေနဲ့လည်း ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင် ခရီးသွားလုပ်ငန်းကနေ တစ်ဆင့် နိုင်ငံ့စီးပွား‌ရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်အောင် အခုကတည်းက တက်ညီလက်ညီ ပြင်ဆင်ဆောင်ရွက်ကြဖို့လိုအပ်ပါတယ်။ ဝန်ကြီးဌာနအနေနဲ့လည်း လိုအပ်တာကို အတတ်နိုင်ဆုံး ပံ့ပိုးကူညီ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးမောင်မောင်ကျော်က ပြောသည်။

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ရန် အရင်းအမြစ်များစွာရှိပြီးဖြစ်သော်လည်း အသစ်‌ဖော်ထုတ်ရန်လိုအပ်နေသေးသည့် အခြေအနေများ၊ ရှိပြီးသားအရင်းအမြစ်များကို ပြန်လည်မွမ်းမံမှုများနှင့် ပြည်တွင်းခရီးသွားများသာ အဓိကသွားရောက်သည့် နေရာများကို ကမ္ဘာလှည့်ခရီးသည်များ သိရှိရန် ပိုမိုမြှင့်တင်မှုများ ဆောင်ရွက်ရန်လိုအပ်လျက်ရှိကြောင်း သိရသည်။

“အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေမှာရှိတဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်နေတဲ့ ဦးဆောင်နိုင်ငံတွေနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ခရီးစဥ်ဒေသ တော်တော်များများဟာ မပျက်မစီးသေးဘဲ သဘာဝအတိုင်း တည်ရှိနေတာများပါတယ်” ဟု ဦးမောင်မောင်ကျော်က ပြောသည်။

အမေရိကန်၊ ရုရှား၊ ဗြိတိန်နှင့် အာရှနိုင်ငံများမှ ခရီးသွားများ ဝင်ရောက်မှုများခဲ့သဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း ပြည်ပခရီးသွားဝင်ရောက်မှု ယခင်နှစ်များထက် ၇၈ ရခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *