နစ်မြုပ်လျက်ရှိသော Jin Tian ကုန်တင်သင်္ဘော ကိုတွေ့ရစဉ်

၂၈. ၁. ၂၀၂၃
Translated by Htwe Ko Tun

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း၊ နာဂါဆကီး ပင်လယ်ကမ်းခြေအလွန် ပင်လယ်ပြင်အတွင်း ဇန်နဝါရီ ၂၅ ရက် နံနက် ၂ နာရီခွဲခန့်တွင် နစ်မြုပ်သွားခဲ့သော ကုန်တင်သင်္ဘော Jin Tian ပေါ်တွင် လိုက်ပါလာသည့် မြန်မာသင်္ဘောသားရှစ်ဦးအနက် တစ်ဦးကို အသက်ရှင်လျက်ကယ်ဆယ်ရရှိပြီး နှစ်ဦးသေဆုံးကာ ငါးဦးပျောက်ဆုံးလျက်ရှိကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ဇန်နဝါရီ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

သင်္ဘောပေါ်တွင် စုစုပေါင်း သင်္ဘောသား၂၂ ဦးလိုက်ပါလာသည့်အနက် ရှစ်ဦးမှာ မြန်မာသင်္ဘောသားများဖြစ်ပြီး ၁၄ ဦးမှာ တရုတ်သင်္ဘောသားများဖြစ်ကြောင်းလည်း မြန်မာသံရုံးကပြောကြားခဲ့သည်။ ဇန်နဝါရီ ၂၇ ရက်အထိ သင်္ဘောသား ၁၃ ဦး ပြန်လည်တွေ့ရှိခဲ့ပြီး မြန်မာသင်္ဘောသားသုံးဦးပါဝင်ကြောင်း၊ သို့သော် နှစ်ဦးမှာအသက်ဆုံးရှုံးခဲ့ပြီး တစ်ဦးသာ အသက်ရှင်ကျန်ရစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

မြန်မာသံရုံးက အသက်ရှင်လျက်တွေ့ရှိထားသော မြန်မာသင်္ဘောသားနှင့် အဆက်အသွယ်ရရှိပြီးဖြစ်ကာ ၎င်းအတွက် လိုအပ်သည်များကိုလည်းပံ့ပိုးဆောင်ရွက်ပေးနေကြောင်း ပြောခဲ့သည်။

သင်္ဘောနစ်မြုပ်ရသည့်အကြောင်းရင်းကို သေချာစွာမသိရသေးပေ။ သို့သော် အရှေ့အာရှဒေသနေရာတော်တော်များများတွင် အအေးလှိုင်းဖြတ်သန်းတိုက်ခတ်ခဲ့သဖြင့် သင်္ဘောနစ်မြုပ်၍ ကယ်ဆယ်ရေးလုပ်နေရသည့် နေရာအနီးတစ်ဝိုက်တွင်လည်း လေပြင်းများတိုက်ခတ်ကာ အပူချိန်များထိုးကျသွားခဲ့ကြောင်း သိရသည်။

မြန်မာသင်္ဘောသားငါးဦးအပါအဝင် ပျောက်ဆုံးနေဆဲဖြစ်သော သင်္ဘောသားကိုးဦးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။

Ref-Myanmar Embassy,Tokyo

Leave a Reply

Your email address will not be published. Required fields are marked *