
၂. ၆. ၂၀၂၅
Written by Phyo Wei
“ဝ” ဒေသအတွင်းမှာ တရုတ်ကုမ္ပဏီက တူးဖော်နေတဲ့ ရွှေတွင်းကြောင့် ထိုင်းနိုင်ငံကို စီးဝင်တဲ့ မဲခေါင်မြစ်ရဲ့ မြစ်လက်တက် ကော့မြစ်မှာ ရေထုညစ်ညမ်းနေတာကို ဆွေးနွေးဖို့ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ ထိုင်းအစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ် ပြောကြားလာတဲ့ ဒီရက်သတ္တပတ်မှာပဲ နယ်စပ်လုံခြုံရေးအရ နယ်စပ်ကုန်သွယ်ရေး ခေတ္တရပ်တန့်နေချိန်မှာ တရားမဝင်ကုန်ပစ္စည်း တင်ပို့/တင်သွင်းမှု များပြားလာတယ်လို့ SAC ဒုတိယဥက္ကဋ္ဌ ပြောကြားလာတဲ့ဖြစ်စဉ်တွေ တွေ့မြင်ခဲ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း ပြည်ပနိုင်ငံသားတွေ ပိုင်ဆိုင် ခွင့်မရှိတဲ့ ထိုင်းနိုင်ငံက မြေလွတ်၊ မြေရိုင်းနဲ့ နိုင်ငံပိုင်မြေတွေကို ထိုင်းမြေပွဲစားတွေနဲ့ လက်ဝါးရိုက်ပြီး ရှမ်းလူမျိုးတွေနဲ့ ဆယ်လီတွေက Live လွှင့်ကာ စစ်ဘေးသင့် မြန်မာနိုင်ငံသားတွေကို ရောင်းချနေတဲ့အပေါ် ထိုင်းပြည်သူတွေ စိုးရိမ်ပူပန်နေကြရတဲ့ဖြစ်စဉ်တွေ၊ လက်ရှိဘဏ္ဍာနှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၆၈၈ ဘီလျံကျော်လျာထားပြီး ၂၀၂၅ မိုးရာသီ စိုက်ပျိုးစရိတ် ကျပ်ဘီလျံ ၅၄၀ ခန့် ထုတ်ချေးပေးမယ်ဆိုတဲ့ဖြစ်စဉ်တွေ၊ ငလျင်ကြောင့် ပျက်စီးသွားတဲ့ စစ်ကိုင်းမြို့က လျှပ်စစ်မီတာတွေအတွက် နိုင်ငံတော်က မီတာအသစ်တွေ အခမဲ့ပြန်လည်တပ်ဆင်ပေးမယ်ဆိုတာတွေ၊ ငလျင်ထိခိုက်ခဲ့တဲ့ဒေသတွေ စိုက်ပျိုးရေးပြန်လုပ်ကိုင်နိုင်ဖို့ ဆောင်ရွက်ပေးမှာဖြစ်ပြီး ထိခိုက်မှုမရှိတဲ့ တိုင်းနဲ့ပြည်နယ်တွေ မွေးမြူရေးကို တိုးချဲ့ဆောင်ရွက်ဖို့ စိုက်ပျိုးမွေးမြူရေးကော်မရှင် ဥက္ကဋ္ဌ မှာကြားလာတာတွေ၊ ရန်ကုန်တိုင်းအတွင်းက စိုက်ပျိုးမွေးမြူရေးဇုန်တွေရဲ့ လက်ရှိထုတ်လုပ်မှုဟာ လုံလောက်မှုမရှိသေးလို့ လူဦးရေနဲ့အညီ Supply နဲ့ Demand ကို မျှတမှုရှိစေရေး တွက်ချက်ဆောင်ရွက်ဖို့ SAC ဒုတိယဥက္ကဋ္ဌ မှာကြားလာတဲ့ ဖြစ်စဉ်တွေအပြင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်မှုတွေ ကူညီဖို့ ပြည်တွင်းပြည်ပ စေတနာရှင်၊ အလှူရှင်တွေက ပထမအကြိမ်မှာ ကျပ်ငွေ ၁၁၂ ဒသမ ၈၇ ဘီလျံ၊ အလှူပစ္စည်းတန်ဖိုး ၁၂ ဒသမ ၄ ဘီလျံ၊ စုစုပေါင်းငွေကျပ် ၁၂၅ ဒသမ ၂၇ ဘီလျံ လှူဒါန်းခဲ့သလို ဒုတိယအကြိမ်မှာလည်း အိမ်ခန်း ၁၆ ခန်းပါ ၄ ခန်းတွဲ ၄ ထပ်တိုက် အဆောက်အဦ တစ်လုံးကို ငွေကျပ်သိန်း ၂၀၀၀၀ နှုန်းနဲ့ အလုံးပေါင်း ၅၁ လုံးအပါအဝင် စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၃၁ ဒသမ ၅၃ ဘီလျံနဲ့ အမေရိကန်ဒေါ်လာ ၂၃၁၄၉၀၀ အထိ လှုဒါန်းခဲ့တဲ့ဖြစ်စဉ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတိုးနှုန်းနည်းပါးတဲ့ ချေးငွေတွေပေးရမယ့်အချိန်မှာ ပေသီးခေါက်နေကြတယ်ဆိုတဲ့အကြောင်း၊ ကုန်သွယ်မှုမှာ ပိုငွေပြမှုရှိလာပေမဲ့ Non-Trade လိုငွေတွေ များပြားလာပြီး ဒေါ်လာစျေးတွေ မြင့်တက်လာတယ်ဆိုတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံကို အမြင်သစ်နဲ့ သွားရောက်မယ်ဆိုပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်မှုကနေ ပြန်လည်နိုးထဖို့လုပ်ဆောင်တဲ့ဆွေးနွေးမှုတွေကနေ အခြေခံ သုံးသပ်ချင်ပါတယ်။
◾ ပေသီးခေါက် ချေးငွေ
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဟာ SAC အစိုးရသက်တမ်း သုံးနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ သဘာ၀ဘေးတွေထဲ အဆိုးဆုံးဖြစ်ပြီး နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်(၁၀)ခုက ရပ်ကွက် ၃၇၄ ခု၊ ကျေးရွာအုပ်စု ၉၄၄ စု၊ ကျေးရွာ ၂၀၈၁ ရွာ၊ အိမ်ထောင်စု ၁၆၂၁၆၇၊ လူဦးရေ စုစုပေါင်း ၅၀၆၀၆၉ ဦး ဘေးသင့်ခဲ့ရတဲ့အပြင် သေဆုံးသူ ၃၇၃၉ ဦး၊ ပျောက်ဆုံးသူ ၆၈ ဦး၊ ဒဏ်ရာရသူ ၅၁၀၄ ဦး ရှိခဲ့ပါတယ်။
နေအိမ်၊ အဆောက်အဦနဲ့ အခြားထိခိုက်ပျက်စီးမှုမှာ လူနေအိမ် ၅၁၂၁၀ လုံး၊ လမ်းလုပ်ငန်း ၄၃၁ ခု၊ တံတား ၁၀၃ စင်း၊ ရထားလမ်းပျက်စီးနေရာ ၈၃ နေရာနဲ့ရထားလမ်းတံတား ၁၁ စင်း၊ မိုဘိုင်းဆက်သွယ်ရေးစခန်း ၆၇၃၀ ခု၊ မဟာဓာတ်အားလိုင်း ၁၀ လိုင်း၊ ဓာတ်အားလိုင်းတိုင် ၃၄၃၅ တိုင်၊ ဆည်မြောင်း ၅၉၄ ခု၊ တာတမံ ၆ ခု၊ ဌာနအဆောက်အဦ ၁၁၃၃၈ လုံး၊ ဆေးရုံ ၃၈၄ ရုံ၊ ဆေးခန်း ၃၆၄ ခန်း၊ ရှေးဟောင်းအဆောက်အဦနဲ့ ပြတိုက် ၁၆၆ ခု၊ အခြေခံပညာကျောင်း ၂၄၀၉ ကျောင်း၊ အဆင့်မြင့်ပညာကျောင်း ၇၂ ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်း ၉၀၊ ဘုရားစေတီ ၆၄၆၉ ဆူ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနဲ့ အခြားဘာသာရေးအဆောက်အဦ ၅၅၈၈ ခု၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ၃၄၄ ခု၊ သီးနှံ ၇၈ ဒသမ ၅ ဧက၊ တိရစ္ဆာန် ၁၃၃၇၀၀ ကောင် ထိခိုက်ပျက်စီးခဲ့ရတာကြောင့် မူလပျက်စီး ဆုံးရှုံးမှုတန်ဖိုးကတင် စုစုပေါင်းငွေကျပ် ၃၈၀၄ ဒသမ ၅၄၉ ဘီလျံအထိ ရှိခဲ့ပါတယ်။
ပြည်နယ်နဲ့ တိုင်း ၁၀ ခုကို အထိနာခဲ့သလို ဘီလျံ ၄၀၀၀ ဖိုးလောက် ထိခိုက်ပျက်စီးခဲ့တဲ့ ဒီမန္တလေးငလျင်ကြီးက နှစ်လကျော်လာတဲ့ ဒီကာလအထိ အကြောက်တရားတွေနဲ့ စိုးမိုးထားဆဲဖြစ်တဲ့အပြင် ပြန်လည်ထူထောင်ရေးကို ထိထိရောက်ရောက် လုပ်ပေးနိုင်ဖို့ဝေးစွ အပျက်အစီးတွေကိုတောင် ပြီးပြတ်အောင် ရှင်းလင်းနိုင်ခြင်းမရှိသေးပါဘူး။ ဒီလိုအခြေအနေမှာ ထိခိုက်ပျက်စီးခဲ့ရတဲ့ ပြည်သူတွေရဲ့ နေအိမ်၊ နိုင်ငံပိုင်ရုံးတွေ၊ လမ်းတွေ၊ တံတားတွေ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံတွေ၊ လုပ်ငန်းတွေ ပြန်လည်တည်ဆောက်ဖို့အတွက် အဓိကလိုအပ်ချက်က ငွေပါ။ ငွေလိုနေပေမဲ့ အဓိက ပြဿနာက စစ်ဘေးကြောင့် ဖွံ့ဖြိုးတိုးတက်မှုဆုတ်ယုတ်ပြီး ငွေပန်းနေတဲ့၊ ပြည်ပအကူအညီလောက်လောက်လားလား မရဘူးဆိုတာထက်ကို ၂၀၂၁ ခုနှစ်ဖြစ်စဉ်ကြောင့် ချေးငွေနဲ့ နိုင်ငံတကာကူညီထောက်ပံ့မှု ရပ်တန့်နေတဲ့ မြန်မာနိုင်ငံအဖို့ ထူမစရာ ငွေလည်းမရှိတဲ့အပြင် နွေဦးတော်လှန်ရေးနဲ့ ငွေကြေးကစားမှုတွေကြောင့် ကောလာဟလလွှင့်ထုတ်မှုတွေယုံစားပြီး ဘဏ်ကငွေတွေထုတ် အခြေပစ္စည်းတွေကို စျေးအလွန်အကျွံကစားထားကြလို့ ဘဏ်တွေမပြိုအောင် မနည်းကျားကန်ထားပေးရပြီး ယုံကြည်မှုတည်ဆောက်ဆဲ အခြေအနေမျိုးမှာ ဘဏ်ကို ငွေအပ်ချင်အောင် အတိုးနှုန်းမြှင့်ပေးထားရတဲ့ကာလလည်း ဖြစ်တာမို့ လုပ်ရကိုင်ရ ခက်ခဲကျပ်တောက်နေသလို ငွေဖောင်းပွမှုမြင့်မားလွန်းနေချိန်မှာ အတိုးနှုန်းတွေချဖို့လည်း မလွယ်ကူလို့ ပေသီးခေါက်နေရတဲ့ အခြေအနေတွေ ဖြစ်နေရတာပါ။
လက်ရှိကာလမှာ ငလျင်ချေးငွေ ကျပ် ဘီလျံ ၇၀၀ လျာထားသလို MSME ချေးငွေ ကျပ် ၂၂၆ ဘီလျံကိုလည်း ဆက်ချေးဖို့ပြင်ထား၊ နိုင်ငံတကာနဲ့ အများပြည်သူ ဝိုင်းဝန်းလှုငွေကလည်း ဒေါ်လာနဲ့ ပေါင်းရင် ဘီလျံ ကျပ် ၃၀၀ လောက်ရှိတယ်ဆိုပေမဲ့ ဒီပမာဏအားလုံးပေါင်းရင်တောင် ငလျင်ကြောင့် ထိခိုက်ပျက်စီးရမှုရဲ့ လေးပုံတစ်ပုံလောက်ပဲရှိတာတွေ့ရလို့ ဆင့်ပါးစပ်နှမ်းပက်သလောက်ပဲ ဖြစ်နေတာကို တွေ့ရပါတယ်။
◾ Non-Trade လိုငွေ
SAC အစိုးရတာဝန်ယူခဲ့တဲ့ လေးနှစ်တာအတွင်း ကုန်သွယ်မှုကဏ္ဍက ပထမနှစ်မှာ ပိုငွေပြခဲ့ပြီး၊ ဒုတိယနဲ့ တတိယနှစ်တွေမှာ လိုငွေပြခဲ့သလို စတုတ္ထနှစ်ဖြစ်တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၂ ဒသမ ၃ ဘီလျံခန့်ပိုငွေရှိခဲ့လို့ လေးနှစ်တာအတွက် စုစုပေါင်း ပိုငွေပြခဲ့ပေမဲ့လည်း Non-Trade မှာ လိုငွေအများအပြား ပြခဲ့တဲ့အတွက် နိုင်ငံခြား ငွေရှားပါးမှုကြောင့် နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ မြင့်တက်ခဲ့တာကို တွေ့ရပြီး ဒီလိုမျိုး နိုင်ငံခြားငွေရှားပါးနေတာကို နိုင်ငံခြားဝင်ငွေ ပြန်မရှာနိုင်ရင် တိုင်းပြည်က လုံးပါး ပါးသွားမယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်မှာပြုလုပ်တဲ့ “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ”မှာ ပြောကြားခဲ့ပါတယ်။ ဒီလိုမျိုး ဖြစ်ပွားရတာကို ပြန်လည်စိစစ်တဲ့အခါမှာ ပြည်ပထွက်ခွာမှုများပြားပြီး နိုင်ငံခြားငွေသုံးစွဲမှုများပြားတာနဲ့ တရားမဝင်သွင်းကုန်တွေများပြားတာကို တွေ့ရသလို ဒီလိုအခြေအနေတွေကို ကုစားနိုင်ဖို့ ပြည်ပပို့ကုန်တိုးမြှင့်ထုတ်လုပ်ဖို့နဲ့ သွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန်တိုးမြှင့်ထုတ်လုပ်ဖို့ လိုအပ်တယ်လို့ ပြောခဲ့တာလည်း တွေ့ရပါတယ်။
ကမ္ဘာကြီးဟာ စစ်ပွဲတွေကို မျက်မှောက်ပြုလာတဲ့အခါမှာ အပြန်အလှန်ပိတ်ဆို့ စျေးကစားမှုတွေရဲ့ ဒဏ်တွေကို ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပိုခံရသလို ကမ္ဘာ့ကြီးရဲ့ စစ်ပွဲဖိအားနဲ့ ပြည်တွင်းစစ်ပွဲဖိအားဒဏ်တွေကိုပါ နှစ်ခါခံရတဲ့ မြန်မာနိုင်ငံက ဘက်စုံကျပ်တည်းဖိစီးလာတာ မဆန်းပါဘူးလို့ ပြောရမှာပါ။ ဒီလိုမျိုး စစ်ပွဲဒဏ်ခံရပါတယ်ဆိုမှ နိုင်ငံပိုင် အဆောက်အအုံတွေ၊ လမ်းတံတားတွေ၊ ကျောင်းတွေ၊ ရုံးတွေ၊ လျှပ်စစ်ဓာတ်အားကဏ္ဍတွေ ဖျက်ဆီးတာကိုပါ လက်ခုပ်တီးအားပေးကြတဲ့ နိုင်ငံဟာ ဒီလောက်အထိ အကောင်းကျန်နေတာကိုက၊ ပြန်လည်ထူထောင်နိုင်ချင်ရင် အချိန်မရွေး ထထူထောင်လို့ရနိုင်တာကိုက အံ့ဩစရာပါ။ ဒီလိုမျိုး အံ့ဩစရာတွေက အမြင်သစ်မြန်မာကို ပြန်လည် မွေးဖွားဖို့ လမ်းစဖြစ်မလားဆိုတာကတော့ အဖြေမှန်ရှာဖို့ လိုအပ်ပါတယ်။
◾ အမြင်သစ် မြန်မာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ”မှာ “အမြင်သစ်မြန်မာနိုင်ငံ” (A new vision of Myanmar) ဆိုတဲ့ မဟာဗျူဟာတစ်ခုကို ချပြသွားခဲ့တာတွေ့ရပါတယ်။
ဒီအမြင်သစ်မြန်မာနိုင်ငံဟာ ငလျင်အလွန်မှာ မြန်မာနိုင်ငံ ပြန်လည်နိုးထဖို့အတွက် စီးပွားရေးပြန်လည်ကုစားကြရာမှာ မိမိတို့ရဲ့ စုပေါင်းရှုမြင်မှုတွေနဲ့အတူ ဆောင်ရွက်သင့်တဲ့ မဟာဗျူဟာမြောက်မဏ္ဍိုင်ကြီးသုံးရပ်ကို ချပြခဲ့တာဖြစ်ပြီး ပထမမဏ္ဍိုင်အဖြစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးမှုများနှင့် လူမှုကာကွယ်ရေး (Humanitarian relief and social protection)၊ ဒုတိယမဏ္ဍိုင်အဖြစ် အခြေခံအဆောက်အဦများ ပြန်လည်တည်ဆောက်ရေးနှင့် စီးပွားရေးပြန်လည်ရှင်သန်ခြင်း (Infrastr-ucture reconstruction and economic revival) နဲ့ တတိယမဏ္ဍိုင်အဖြစ် ကြံ့ကြံ့ခံပြီး ခြုံငုံမှုရှိသည့်ပြုပြင်ပြောင်းလဲမှုများ (Reform anchored in resilience and inclusivity) ကို ချပြခဲ့တာဖြစ်ပါတယ်။
ပထမဆုံးမဏ္ဍိုင်ဖြစ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးမှုများနှင့် လူမှုကာကွယ်ရေးမှာ ငလျင်ကြီးကြောင့် လူပေါင်းခြောက်သိန်းခန့်အပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိခဲ့လို့ လူထောင်ပေါင်းများစွာ အိုးအိမ်ရွှေ့ပြောင်းခဲ့ရသလို ဒီလို ငလျင်ဘေးကြီးမားစွာ ခံစားရတဲ့ဒေသတွေမှာ ငလျင်လှုပ်အပြီး (၇၂)နာရီအတွင်း အရေးပေါ် ရွက်ဖျင်တဲများစွာကို တည်ဆောက်ပေးခဲ့တာ၊ သန့်ရှင်းတဲ့ရေ၊ အစားအသောက်နဲ့ ဆေးဝါးများစွာကိုလည်း ပံ့ပိုးပေးခဲ့တာ၊ အရေးပေါ် ကျန်းမာရေးကုသမှုပေးခဲ့တာ စတာတွေ လုပ်နိုင်ခဲ့ပေမဲ့ ဒီလိုယာယီ သက်သာရုံနဲ့ မရဘဲ အမြဲတမ်းနေအိမ်တွေ ဆောက်လုပ်ပေးတာ၊ နေရာရွှေ့ပြောင်း နေထိုင်ခဲ့ကြရတဲ့ ကလေးငယ်များစွာကို လုံခြုံစိတ်ချရတဲ့ကျောင်းတွေ၊ စာသင်ခန်းတွေမှာ တက်ရောက်နိုင်စေရေး ဆောင်ရွက်ပေးတာ၊ ပင်မဝင်ငွေဆုံးရှုံးခဲ့ရတဲ့ မိသားစုများစွာအတွက် အရေးပေါ်အသက်မွေးဝမ်းကျောင်း ထောက်ပံ့ငွေ ပံ့ပိုးခြင်းများကိုဆောင်ရွက်ပေးနေတာ၊ ဒါတွေက လူမှုအကာအကွယ်ပေးမှုအစီအစဉ်ရဲ့ အစိတ်အပိုင်းလို့ ပြောနိုင်တာကြောင့် ပထမမဏ္ဍိုင်ဟာ ပြည်သူ့အရေးဦးတည်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းကို ပြောကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောသွားတာကို တွေ့ရပါတယ်။
ဒုတိယမဏ္ဍိုင်အတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်စွမ်းအင်၊ စိုက်ပျိုးရေး၊ တယ်လီဖုန်းဆက်သွယ်ရေးနဲ့ အများပြည်သူပိုင်အဆောက်အအုံတွေ စတဲ့ အခြေခံအဆောက်အဦတွေ ပြန်လည်တည်ဆောက်မှုနဲ့အတူ မြန်မာ့စီးပွားရေးရဲ့ကျောရိုးပမာဖြစ်နေတဲ့ အသေးစား၊ အငယ်စားနှင့်အလတ်စားလုပ်ငန်း MSME များ ပြန်လည်ရှင်သန်လာအောင် အာရုံစိုက်လုပ်ဆောင်ကြဖို့နဲ့ တတိယမဏ္ဍိုင်ဖြစ်တဲ့ ပြုပြင်ပြောင်းလဲမှုများနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက် ပြုခြင်း (Reform and Global Partnerships) အစီအစဉ်အရ ပြန်လည်ထူထောင်ခြင်းအစီအစဉ်များကို ဆောင်ရွက်ကြတဲ့အခါ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ မိတ်ဖက်များနှင့်အတူ လက်တွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အာဆီယံနှင့်ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ငလျင်ဘေးပြန်လည်ထူထောင်ခြင်းကို ကာလတို၊ ကာလလတ်၊ ကာလရှည်စီမံဆောင်ရွက်ကြရန် လိုအပ်သည်ကိုလည်း သုံးသပ်ပြောကြားလိုကြောင်းနဲ့ ပြန်လည်တည်ဆောက်ခြင်းဟူသည်မှာ ပြန်လည်နာလန်ထူအောင် လုပ်ဆောင်ခြင်းသာမကဘဲ အနာဂတ်တွင် လုံခြုံအာမခံမှုရှိသည့် နိုင်ငံတစ်နိုင်ငံကို ဖန်တီးတည်ဆောက်ခြင်းလည်းဖြစ်သည်ဟု ပြောလိုကြောင်း၊ အနာဂတ်တွင် အခြေခံအဆောက်အဦများသည် ကြံ့ကြံ့ခံနိုင်ပြီးအုပ်ချုပ်မှုတွင် တာဝန်ခံမှုတာဝန်ယူမှုရှိသည့်၊ မျှတစွာဖွံ့ဖြိုးတိုးတက်သည့် အခြေခံကောင်းများရှိနေရမည်ဖြစ်ကြောင်း။ မိမိတို့အစီအစဉ်တွင် ပါဝင်ကြရန်အတွက် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များ အနေဖြင့် မိမိတို့ကိုထောက်ခံအားပေးရုံမျှမကဘဲ “အမြင်သစ်မြန်မာနိုင်ငံ” (A new vision of Myanmar)အတွက် မိမိတို့နှင့်အတူ ရင်းနှီးမြှုပ်နှံပေးကြရန်ဖိတ်ခေါ်လိုကြောင်း၊ ယင်းအနာဂတ်မြန်မာနိုင်ငံကို ပိုပြီးစည်းလုံးညီညွတ်သည့်၊ ပိုပြီးခြုံငုံပါဝင်ကြသည့်၊ အနာဂတ်ကိုအသင့်ဖြစ်နေမှု ပိုပြီးခိုင်မာနေသည့် နိုင်ငံတစ်နိုင်ငံအဖြစ် မိမိတို့ ပုံဖော်တည်ဆောက်လိုပြီး တည်ဆောက်ရန်လည်း လိုအပ်ပါကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသွားတာ တွေ့ရပါတယ်။
၂၀၂၁ အာဏာအငြင်းပွားမှုဖြစ်စဉ်ပြီးကတည်းက ထိုးနှက်ဖြိုဖျက် တိုက်ခိုက်မှုတွေကြောင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ လျော့ကျလာတာ၊ မြှုပ်နှံပြီးသားတွေ ပြန်ထွက်ခွာတာ၊ အသစ်ထပ်မလာတော့သလောက်ဖြစ်ပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက တစ်နှစ်ဒေါ်လာတစ်ဘီလျံတောင် မရှိတော့တာ၊ ပြည်ပချေးငွေတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးချေးငွေ မရတော့တာဟာ ပကတိအရှိတရားဖြစ်ပြီး ဒီလို ရပ်ဆိုင်းသွားတဲ့ နိုင်ငံတကာရဲ့ ကူးလူးဆက်ဆံကူညီထောက်ပံ့မှုဟာ မန္တလေးငလျင်ကြီးဖြစ်ပွားပြီးမှ ပြန်လည်ရရှိလာခဲ့တာပါ။ ဒီလို ရရှိလာတာမှာတောင်မှ အမေရိကန်လိုမျိုးနိုင်ငံတွေက ကူညီတဲ့ဒေါ်လာ ၉ သန်းဟာ အစိုးရလက်ထဲရောက်လာတာမဟုတ်ဘဲ သူ့အဖွဲ့တွေ မြန်မာပြည်လာတဲ့ ကုန်ကျစရိတ်တွေ၊ ကူညီထောက်ပံ့ဖို့ ယူဆောင်လာတဲ့ ဆေးဝါးပစ္စည်းတွေ၊ ကုသမှုတွေကို ပေါင်းတွက်သွားတဲ့ပုံစံဖြစ်ပြီး တခြားသောနိုင်ငံတွေကလည်း ပစ္စည်းတွေသယ်လာရ၊ လူတွေ လာရ၊ ကူညီရတဲ့စရိတ်တွေကိုပါ သူတို့ဘာသာသုံးသွားတဲ့ အခြေအနေဖြစ်လို့ နိုင်ငံတကာရဲ့ ငလျင်ဘေးကူညီမှုအများစုဟာ သူတို့လာတယ်။ သူတို့ကုတယ်။ သူတို့သုံးပြီးပြန်သွားတယ်ဆိုရုံလောက်မို့ အရင်တုန်းက ဖွံ့ဖြိုးတိုးတက်ရေးချေးငွေ၊ ကူညီထောက်ပံ့ငွေ သန်းရာချီ ပေးတာလိုမျိုး မရတာကိုလည်း မြင်ရပါသေးတယ်။ တစ်ပြိုင်တည်းမှာပဲ ဒီကာလဟာ အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ဒီဇင်ဘာမှာ လုပ်ဆောင်ပါမယ်လို့ နိုင်ငံတကာသိအောင်ပြောထားတဲ့ အချိန်လည်းဖြစ်နေပြီး ပြည်တွင်းက ပြည်သူတွေဟာလည်း အစိုးရနဲ့တပ်မတော်ကို ပြန်လည်ဝေဖန်ထောက်ပြလို့ရမယ့် လွှတ်တော်ကို မျှော်လင့်နေကြပြီဖြစ်သလို အာဆီယံ၊ ရုရှား၊ တရုတ်၊ အိန္ဒိယ စတဲ့နိုင်ငံတွေကလည်း ရွေးကောက်ပွဲကို ထောက်ခံနေကြတဲ့အခြေအနေဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် လာမယ့် ဒီဇင်ဘာမှာ ရွေးကောက်ပွဲလုပ်ဆောင်ပြီး အာဏာလွှဲပြောင်းရေးလုပ်ဆောင်တာ၊ လွှတ်တော်ပေါ်ပေါက်လာတဲ့ နောက်မှာတော့ SAC ဥက္ကဋ္ဌ ပြောကြားသွားတဲ့ မဟာဗျူဟာသုံးရပ်က အသက်ဝင်လာဖွယ်ရှိနေပြီး ရွေးကောက်ပွဲလုပ်နိုင်တဲ့ နေရာတွေ၊ တည်ငြိမ်အေးချမ်းတဲ့ဒေသတွေဟာ အမြင်သစ်မြန်မာကိုဖြစ်စေမှာပါ။ ဒီနေ့ဒီကာလမှာ တစ်ဖက်နဲ့တစ်ဖက် အပြီးအပြတ်လုပ်ဆောင်နိုင်စရာအချက်အလက်တွေလည်း မမြင်ရသလောက်ဖြစ်နေတာမို့လို့ နိုင်ငံဟာ ဒီမိုကရေစီစနစ်ကို အရင်ဆုံးပြန်သွားပြီး ဆင့်ကဲတိုးတက်မှုကနေပဲ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီ အားလုံးပြန်တည်ဆောက်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြံဆောင်ကြတာက အမှန်ဆုံးပါလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။
