



၂. ၆. ၂၀၂၅
Written by Nay Moe
ယမန်နေ့ညနေပိုင်းအချိန်က အုတ်ဖို PDF များထံ တစ်ဦးတည်း ရောက်လာသည့် ရာအိမ်မှူးက PDF များကို ဗုံးနှင့်ပစ်သောကြောင့် ရှောင်တိမ်းပြီး ပစ်ခတ်သည့် ရာအိမ်မှူး၏ ဦးခေါင်းကို သေနတ်နှင့်သုံးချက်ပစ်သတ်လိုက်သည်ဟု ကျူးလွန်သည့် အုတ်ဖို PDF အဖွဲ့က ယနေ့ ဝန်ခံလာသည်။
ဖြစ်စဥ်မှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာ အခြေစိုက် ခမရ(၆)မှ ထွက်ခွာလာသည့် ထန်းပင်ကုန်းကျေးရွာ ရာအိမ်မှူး ဦးအောင်မိုးခိုင် သည် ဇွန်လ ၁ ညနေ ၆ နာရီ ၁၅ မိနစ်တွင် ချောင်းခွ(ကေ)ရွာ နှင့် သရက်နှစ်ဖျားလိန်ရွာကြားရှိ လမ်းမပေါ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ PDF များအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ထိုသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအား အုတ်ဖို PDF များ သိရှိ၍ အချိန်မီ တိမ်းရှောင်ကာ ရာအိမ်မှူး ဦးအောင်မိုးခိုင်၏ ဦးခေါင်းတည့်တည့်ကို သေနတ်ဖြင့် သုံးချက် ပစ်သတ်ခဲ့ရာ နေရာတွင် သေဆုံးသွားပြီး ၎င်းယူဆောင်လာသော လက်ပစ်ဗုံး တစ်လုံး သိမ်းဆည်းရရှိခဲ့သည်ဟုလည်း ပြောသည်။
ရာအိမ်မှူး ဦးအောင်မိုးခိုင်သည် စစ်မှုထမ်းဟောင်း စစ်တပ်ထောက်တိုင် အမာခံတစ်ဦးဖြစ်ပြီး ခမရ(၆) တွင် နေထိုင်ကာ PDF တပ်ဖွဲ့များ၏ အချက်အလက်များအား စုံစမ်းထောက်လှမ်းခြင်း၊ ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးများ ခြိမ်းခြောက် ကောက်ခံခြင်း၊ လူငယ်များအား ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ရိုးမအတွင်း စစ်ကြောင်းထိုးရာတွင် လမ်းပြခြင်းများ လုပ်ဆောင်နေသူဖြစ်သည်ဟု ကျူးလွန်သည့် အုတ်ဖို PDF များက ဆင်ခြေပေးသော်လည်း အဆိုပါ စွပ်စွဲချက်များ မှန် မမှန် MT News က မြေပြင် အတည်မပြုနိုင်သလို ကျူးလွန်သည့် PDF များကလည်း သက်သေမပြနိုင်ချေ။
ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။ နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
