
၂. ၆. ၂၀၂၅
Written by Nay Moe
NUG, CRPH လက်ဝေခံ PDF များနှင့် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ အစိုးရ ဝန်ထမ်းများ၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အပြစ်မဲ့အရပ်သားပြည်သူများနှင့် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ပြည်သူလူထုအတွင်း အကြောက် တရားများလွှမ်းမိုးစေရန် ရည်ရွယ်၍ အကြမ်းဖက်လုပ်ရပ်အမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် ကျူးလွန်လျက်ရှိရာ ယခုလည်း ညောင်ဦးမြို့၊ ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွပ်တွင် မဟာပဋ္ဌာန်းပူဇော်ပွဲကျင်းပပြုလုပ်ရန် အစည်းအဝေးကျင်းပနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများအား PDF များက အကြောင်းမဲ့လာရောက်ပစ်ခတ်သတ်ဖြတ်သဖြင့် ခုနစ်ဦးသေဆုံးခဲ့ရမှု ဖြစ်ပွားခဲ့သည်။






ဖြစ်စဥ်မှာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက်ရှိ ဓမ္မာရုံ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် အပါအဝင် ရပ်မိရပ်ဖများသည် မဟာ ပဋ္ဌာန်းပူဇော်ပွဲကျင်းပပြုလုပ်ရန် အစည်းအဝေးပြုလုပ်နေစဉ် ဇွန်လ ၁ ရက်နေ့ ညနေပိုင်းက PDF ၁၅ ဦးခန့်သည် လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက် ပစ်ခတ်ခဲ့သည်။
အဆိုပါပစ်ခတ် သတ်ဖြတ်မှု ဖြစ်စဥ်ကို ကျူးလွန်သည့် PDF များမှာ ပုဂံဗိုလ်ချိုအဖွဲ့ဖြစ်ကြောင်းနှင့် ဖြစ်စဉ်အတွင်း ဦးမြင့်ဇော်၊ ဦးတင်မြိုင်၊ ဦးခင်မောင်ဌေး၊ ဦးခင်မောင်သန်း၊ ဦးသန်းထွန်း၊ ဦးစိုးမင်းနှင့် ဦးကြည်ထွန်း တို့ သေဆုံးခဲ့ပြီး အခြားရပ်မိရပ်ဖ(၆)ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံး၊ ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။


ထိုသို့ ဘာသာသာသနာရေးအတွက် ဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ရပ်မိရပ်ဖများအား လူသားမဆန်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးအရေးယူဖော်ထုတ်နိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းစဉ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
