
MT News
၂. ၆. ၂၀၂၅
ညီအကိုနှစ်ဦးအပါအဝင် လူသုံးဦးကို PDF တို့ သတ်ဖြတ်ရာမှ တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရမှု မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်များတွင် ၂၀၂၅ ခုနှစ်၊ မေ ၃၀ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားနှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာနေ ကိုကြယ်စင်ထွန်း (၂၁)နှစ်သည် ၎င်း၏ညီဖြစ်သူ မောင်ကောင်းမင်းခန့်(၁၇)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အဖွဲ့ (အင်အားစိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုနေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ မောင်းတုန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ဦးဇော်ဦး(၃၅)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ ရဟန်း၊ သံဃာ၊ သီလရှင်၊ ဆရာ၊ ဆရာမနှင့် ကျောင်းသားကျောင်းသူများအပြင် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်း ၁၀၀၀၀ ခန့်ကို “ဒလန်၊ သူလျှို၊ ပျူစောထီး၊ သတင်းပေး၊ နစကယန္တရားလည်ပတ်စေသူ” စွပ်စွဲချက်ဖြင့် NLD/CRPH/NUG/PDF/EAOs တို့က သတ်ဖြတ်ထားသလို ပညာရေး/ကျန်းမာရေးနှင့် လူနေအဆောက်အဦအပါအဝင် နိုင်ငံဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံအဆောက်အဦ ၁၅၀၀၀ ခန့်ကိုလည်း တိုက်ခိုက်ဖျက်ဆီးထားကြောင်း သိရသည်။
