၂.၆.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်၊ ဘိုးလ်ဒါးမြို့မှာ အစ္စရေးကိုလိုလားတဲ့ လူအုပ်စုတစ်စုက ဟားမားစ်တို့ ဖမ်းဆီးခံထားရတဲ့ အစ္စရေးဓားစာခံတွေကို ထောက်ခံအားပေးတဲ့ လူစုဝေးပွဲတစ်ခုကို ဇွန်လ ၁ ရက်၊ ဒေသစံတော်ချိန် ၁၃း၂၆ နာရီ (ဂရင်းနစ်စံတော်ချိန် ၁၉း၂၆ နာရီ) မှာ ဓာတ်ဆီမီးလောင်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လူရှစ်ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပြည်ထောင်စုစုံစမ်းထောက်လှမ်းရေးဗျူရို (FBI) က အစ္စရေးဓားစာခံတွေကို ထောက်ခံတဲ့အနေနဲ့ အပတ်စဉ်ငြိမ်းချမ်းစွာကျင်းပတဲ့ ဒီပွဲကို တိုက်ခိုက်မှုက အကြမ်းဖက်လုပ်ရပ်လို့ ယူဆရဖွယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။
အကြမ်းဖက်တိုက်ခိုက်သူကိုဖမ်းဆီးမိခဲ့ပြီး အသက် ၄၅ နှစ်ရှိ မိုဟာမက် ဆာဘရီ ဆိုလီမန်ဆိုသူ အီဂျစ်နိုင်ငံသားတစ်ဦးဖြစ်ပြီး သူ့ရဲ့အမေရိကန်သို့ပြည်ဝင်ခွင့်ဗီဇာက ၂၀၂၃ ခုနှစ်ထဲက သက်တမ်းကုန်ဆုံးနေခဲ့ပြီလို့ သိရပါတယ်။
ဆိုလီမန်က ‘ပါလက်စတိုင်းတွေလွှတ်ပေး’ လို့ အော်ဟစ်ကာ အင်အားပြစုဝေးနေတဲ့လူအုပ်ကို ယာယီသုံးမီးသတ်ကိရိယာ၊ ဓာတ်ဆီ မီးလောင်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေက အမျိုးသားလေးယောက်နဲ့အမျိုးသမီးလေးယောက်တို့ဖြစ်ပြီး အသက် ၅၂ မှ ၈၈ နှစ်အထိရှိကြကာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
ဘိုးလ်ဒါးမြို့ ရဲတပ်ဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုမှာ တခြားပါဝင်ပတ်သက်သူတွေကိုတော့ မတွေ့ရှိခဲ့ဘူးလို့ဆိုပါတယ်။ ရဲတပ်ဖွဲ့က ဘိုးလ်ဒါးမြို့မှာ ဂျူးအသိုင်းအဝိုင်းအနေနဲ့ နောင်ပွဲလမ်းတွေလုပ်ရင် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်သွားရမယ်လို့ ပြောခဲ့ပါတယ်။
Ref- BBC


