၂၆. ၅. ၂၀၂၅
Translated by Thettant
ပါကစ္စတန်နိုင်ငံတွင် ၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်းအထိ နှစ်ပေါင်းနှစ်ဆယ်ခန့် ဆိုဗီယက်ယူနီယံက လည်ပတ်ခဲ့သော လုပ်ငန်းရပ်ဆိုင်းသွားသည့် သံမဏိစက်ရုံနေရာတွင် ခေတ်မီသံမဏိစက်ရုံပြန်လည်တည်ဆောက်နိုင်ရေး ရုရှားနိုင်ငံက ကူညီပေးမည်ဟု သဘောတူညီခဲ့သည်။
သံမဏိစက်ရုံအသစ်သည် ပါကစ္စတန်၏ သံမဏိသွင်းကုန်များကို သုံးပုံတစ်ပုံအထိ လျှော့ချရန်နှင့် နိုင်ငံ၏အခက်ကြုံနေသော နိုင်ငံခြားငွေကြေးစီမံခန့်ခွဲမှုကို ကူညီပေးနိုင်မည်ဟု မျှော်လင့်ရသည်။
အဆိုပါသဘောတူညီချက်ကို ယခုလအစောပိုင်းက ပါကစ္စတန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဒန်းနစ်နာဇရောဗ်နှင့် ပါကစ္စတန်ဝန်ကြီးချုပ်၏ အထူးလက်ထောက် ဟာရွန်အခ်တာခန် အစည်းအဝေးမှ စတင်ဖြစ်တည်ခဲ့ခြင်းဖြစ်သည်။
“ပါကစ္စတန်သည် ရင်းနှီးမြှုပ်နှံမှုအတွက် လုံခြုံပြီး ဖွံ့ဖြိုးတိုးတက်သော အချက်အချာကျသော နေရာတစ်ခုဖြစ်ကာ နိုင်ငံတကာအသိုင်းအဝိုင်းက ၎င်း၏အလားအလာကို အသိအမှတ်ပြုထားသည်” ဟု Khan က သဘောတူညီချက် ကြေညာပြီးနောက် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ပြောကြားခဲ့သည်။
စီမံကိန်းကို စီစဉ်ရန်၊ အကောင်အထည်ဖော်ရန်နှင့် စက်ရုံလည်ပတ်သူကို ရွေးချယ်ရန် ပူးတွဲလုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားပြီး အမည်မဖော်လိုသော ပါကစ္စတန်အရာရှိများက Nikkei Asia သို့ ပြောကြားချက်အရ ပါကစ္စတန်အစိုးရသည် နည်းပညာအထောက်အပံ့ပေးမည့် ရုရှားအစိုးရနှင့်အတူ စီမံကိန်းအတွက် ကုန်ကျမည့်ငွေကြေးကို ထောက်ပံ့ပေးနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေနိုင်ဖွယ်ရှိနေသည်။
ပါကစ္စတန်အစိုးရအရာရှိများက ကရာချိမြို့ပြင်ဘက်ရှိ ဧက ၁၉,၀၀၀ ကျယ်ဝန်းသော လုပ်ငန်းရပ်ဆိုင်းသွားသည့် သံမဏိစက်ရုံ၏ နေရာအတွင်းရှိ ဧက ၇၀၀ ကို စက်ရုံအသစ်အတွက် သတ်မှတ်ပေးမည်ဟုလည်း ပြောကြားခဲ့သည်။ အဆိုပါနေရာသည် နိုင်ငံပိုင် Pakistan Steel Mills ပိုင်ဆိုင်ပြီး စက်ရုံအသစ်သည် နိုင်ငံတော်၏ သံမဏိသွင်းကုန်များကို သုံးပုံတစ်ပုံအထိ လျှော့ချနိုင်မည်ဟု မျှော်လင့်ရသည်။
Pakistan Credit Rating Agency (PACRA) ၏ သံမဏိကဏ္ဍဆိုင်ရာ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရ ပါကစ္စတန်၏ နှစ်စဉ်သံမဏိသုံးစွဲမှုသည် မက်ထရစ်တန် ၁၁ ဒသမ ၂ သန်းရှိပြီး ပြည်တွင်းထုတ်လုပ်မှုမှာ သံရိုင်း၊ သံပြားနှင့် သံအပိုင်းအစများ အပါအဝင် တန် ၈ ဒသမ ၉ သန်းရှိသည်။ သံမဏိလိုအပ်ချက်အတွက် ဒေါ်လာ ၂ ဒသမ ၆ ဘီလျံတန်ဖိုးရှိ သွင်းကုန်သံမဏိဖြင့် ဖြည့်ဆည်းခဲ့ရသည်။
Pakistan Steel Mills ကို ၁၉၇၃ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ၏ အထောက်အပံ့ဖြင့် တည်ထောင်ခဲ့သည်။ ဆိုဗီယက်အရာရှိများသည် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် တစ်နှစ်အကြာ ၁၉၉၂ ခုနှစ်အထိ လုပ်ငန်းများကို ကူညီလည်ပတ်ခဲ့သည်။ ပါကစ္စတန်၏ စီမံခန့်ခွဲမှုဖြင့် ၂၀၁၅ ခုနှစ်အထိ သံမဏိစက်ရုံ ဆက်လက်လည်ပတ်ခဲ့ရာ အစိုးရက စက်မှုလုပ်ငန်းနှင့် ထုတ်လုပ်ရေးဆိုင်ရာ အမျိုးသားလွှတ်တော် အမြဲတမ်းကော်မတီသို့ ပေးပို့ခဲ့သော စာရွက်စာတမ်းများအရ အရှုံးဒေါ်လာ ၂ ဒသမ ၁၄ ဘီလျံဖြစ်လာခဲ့ပြီးနောက် လုပ်ငန်းရပ်ဆိုင်းရန် ရွေးချယ်ခဲ့ရသည်။
“အရင်းအနှီးထိန်းသိမ်းမှုနှင့် စံလုပ်ထုံးလုပ်နည်းများကို လိုက်နာမှု၊ အထူးသဖြင့် အပိုပစ္စည်းများနှင့် အဆင့်မြှင့်တင်မှုများနှင့် ပတ်သက်၍ လျစ်လျူရှုခဲ့သည်” ဟု PSM တွင် ကုန်သွယ်မှု သမဂ္ဂခေါင်းဆောင်ဟောင်းအဖြစ် တာဝန်ယူခဲ့သူ မီရ်ဇာ မတ်စ်ဆွတ်က Nikkei သို့ ပြောကြားခဲ့ပြီး “နောက်ဆုံးတွင် စက်ရုံပြိုလဲခြင်းသို့ ဦးတည်ခဲ့သည်” ဟု အားနည်းချက်များကို ဖော်ပြခဲ့သည်။
ကျွမ်းကျင်သူများက ခေတ်မီသံမဏိစက်ရုံတစ်ခုသည် ပါကစ္စတန်၏ စီးပွားရေးအပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများစွာ ရှိလိမ့်မည်ဟု ယုံကြည်ကြသည်။
“စက်ရုံအသစ်တစ်ခုသည် ပါကစ္စတန်၏ သဘာဝသံသတ္တုသိုက်များကို အသုံးပြုမှုကို မြှင့်တင်နိုင်သည်၊ သံမဏိနှင့် အင်ဂျင်နီယာထုတ်ကုန်များ ထုတ်လုပ်မှုကို တိုးမြှင့်နိုင်သည်၊ ကားထုတ်လုပ်မှုကဲ့သို့သော အထက်ပိုင်းသတ္တုတူးဖော်ရေးနှင့် အောက်ပိုင်းစက်မှုလုပ်ငန်းများကို ပံ့ပိုးနိုင်သည်၊ အလုပ်အကိုင်များ ဖန်တီးနိုင်ပြီး ပို့ကုန်များကို တိုးမြှင့်နိုင်သည်” ဟု အစ္စလာမ္မာဘတ်အခြေစိုက် စီးပွားရေးပညာရှင် နိတ်ဇ် မာတာဇာက Nikkei သို့ ပြောကြားခဲ့သည်။
Pakistan Steel Mills နေရာဟောင်းတွင် ရေနုတ်မြောင်းများအပါအဝင် အခြေခံအဆောက်အအုံများနှင့် ဆိပ်ကမ်းသို့ ချိတ်ဆက်မှုများ ပါရှိသဖြင့် ကောင်းမွန်သော ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်ကျစရိတ်သက်သာမှုကို ရရှိစေသည်။ ကရာချိအခြေစိုက် ရှယ်ယာပွဲစားလုပ်ငန်း Topline Securities မှ သုတေသနလေ့လာသူ နာရှဒ်မလစ်ခ်က ကောင်းစွာပေါင်းစပ်ထားသော သံမဏိစက်ရုံတစ်ခုသည် သွင်းကုန်ကုန်ကြမ်းများအပေါ် မှီခိုမှုကို သိသိသာသာ လျှော့ချနိုင်မည်ဟု ပြောကြားခဲ့သည်။
PACRA အစီရင်ခံစာအရ ပါကစ္စတန်သည် ၂၀၂၄ ခုနှစ် ဇွန်လတွင် ကုန်ဆုံးသည့်နှစ်တွင် သံအပိုင်းအစ တန် ၂ ဒသမ ၇ သန်းနှင့် အချောထည်နှင့် တစ်ဝက်အချောထည် သံနှင့်သံမဏိထုတ်ကုန်တန် ၂ ဒသမ ၉ သန်းကို တင်သွင်းခဲ့သည်။ နိုင်ငံ၏ သံသတ္တုသိုက်သည် တန်ချိန် ၁,၄၀၀ သန်းခန့် ရှိသည်ဟု ခန့်မှန်းရပြီး နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်များကြောင့် ကောင်းစွာအသုံးချနိုင်ခြင်းမရှိသေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ “သံသတ္တုအတွက် ပြည်တွင်းထုတ်လုပ်ရေးစက်ရုံတစ်ခုသည် မရှိမဖြစ်လိုအပ်သော အထောက်အပံ့များကို ပံ့ပိုးပေးခြင်းဖြင့် ပြည်တွင်းထုတ်လုပ်သူများကို ကူညီနိုင်မည်ဖြစ်ပြီး အဖိုးတန်နိုင်ငံခြားငွေကြေးများကို ချွေတာနိုင်မည်ဖြစ်သည်” ဟု မလစ်ခ်က Nikkei သို့ ပြောကြားခဲ့သည်။
သို့သော် နောက်ဆုံးပေါ်နည်းပညာတွင် များစွာရင်းနှီးမြှုပ်နှံမှု လိုအပ်မည်ဖြစ်သည်။
၁၉၄၅ ခုနှစ်က ဆိုဗီယက်နည်းပညာဖြင့် တည်ဆောက်ခဲ့သော Pakistan Steel Mills ၏ စက်ပစ္စည်းနှင့် အပိုပစ္စည်းများသည် ယခုအခါ ခေတ်နောက်ကျနေပြီဖြစ်ကြောင်း၊ စက်ရုံအသစ်သည် အလုပ်သမားနည်းပါးစွာ လိုအပ်ပြီး စွမ်းအင်နည်းပါးစွာ သုံးစွဲသည့် အဆင့်မြင့်နည်းပညာဖြင့် ခေတ်မီစက်ပစ္စည်းများကို အသုံးပြုမည်ဖြစ်ကြောင်း၊ Pakistan Steel Mills တွင် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံခန့် ကြွေးမြီများရှိသော်လည်း ၎င်း၏ ပိုင်ဆိုင်မှုတန်ဖိုးသည် ဒေါ်လာ ၁၁ ဘီလျံကျော် ရှိနိုင်ကြောင်း၊ PSM ၏ ပိုင်ဆိုင်မှုများကို ဖျက်သိမ်းခြင်းမှ ရရှိသောငွေများကို သံမဏိစက်ရုံအသစ်အတွက် ငွေကြေးထောက်ပံ့ရန် အသုံးပြုနိုင်ကြောင်း မီရ်ဇာ မတ်စ်ဆွတ်က ပြောကြားခဲ့ပြီး စက်ရုံအသစ်ကို နှစ်နှစ်အတွင်း စတင်လည်ပတ်နိုင်မည်ဟု မှတ်ချက်ပြုခဲ့သည်။
Ref , Nikkei Asia




