၂၆.၅.၂၀၂၅
Written by Hey Mar
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းက ဆင်တဲဝချောင်းရေလျှံလို့ ခရီးသည်တင်ကားတစ်စီး ရေစီးနဲ့မျောပါသွားတဲ့ဖြစ်စဉ် ဒီနေ့ မေလ ၂၆ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်အတွင်း ယာဉ်ပေါ်ပါခရီးသည်တွေ အန္တရာယ်ကင်းခဲ့တယ်လို့လည်း ဒေသခံတချို့ကို ဆက်သွယ်မေးမြန်းကြည့်လို့ သိရပါတယ်။
ဖြစ်စဉ်က မြင်းခြံ- ရန်ကုန်ပြေးဆွဲနေတဲ့ စိန်ကမ္ဘာ ခရီးသည်တင်ယာဉ်က တောင်သာမြို့၊ နတ်စောင့်ကျေးရွာအနီးမှာ လမ်းပေါ်ကို ချောင်းရေလျှံနေစဉ် ဖြတ်သန်းမာင်းနှင်ရင်း ကွန်ကရစ်လမ်းပေါ်ကနေ ဘီးချော်ကျကာ လမ်းဘေးကို ရေစီးနဲ့ ထိုးဆင်းမြောပါသွားတာလို့ သိရပါတယ်။
“အထက်ဘက် ပုပ္ပါးတောင်မှာမိုးများရင် ဆည်ရေပြည့်တယ်။ ဆည်ရေပြည့်ရင် ချောင်းရေက လျှံနေကြပဲ။ နှစ်စဉ်တော့ ဖြစ်တယ်။ အရင်ကလည်း ချောင်းရေလျှံလို့ လူသေဆုံးတာတွေမျိုးတော့မရှိပါဘူး။ ချောင်းကြီးက အကျယ်ကြီးလေ။ ပေ ငါးရာလောက်ကျယ်တယ်။ ဆင်တဲဝချောင်းထဲကိုက ချောင်းပေါင်း ၉၉ ချောင်း စီးဝင်တာ” လို့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ MT News က ဆက်သွယ်မေးမြန်းတာကို တောင်သာဒေသခံတစ်ဦးက ပြန်လည်ဖြေကြားပါတယ်။
လူမှုကွန်ရက်စာမျက်နှာထက်မှာလည်း စိန်ကမ္ဘာခရီးသည်တင်ယာဉ် ချောင်းရေစီးနဲ့ မြောပါနေစဉ် ဒေသခံတွေက ယာဉ်ပေါ်ပါခရီးသည်တွေကို ကူညီကယ်ဆယ်တာကို ရိုက်ကူးထားတဲ့ Video ဖိုင်တစ်ခု ဖြန့်ဝေထားပြီး စိန်ကမ္ဘာယာဉ်က သူ့ရှေက မဟာကားနောက်ကို ကပ်လိုက်ပြီး ချောင်းရေလျှံနေတဲ့ ကားလမ်းမကို ဖြတ်ကူးရာမှာ ဘယ်ဘက်ကို ကပ်မမောင်းဘဲ ဒဲ့ဖြတ်မောင်းတာကြောင့် မထိန်းနိုင်ဖြစ်ပြီး တစ်ဘက်ကမ်းမရောက်ခင် ရေထဲကျတာလို့လည်း ရေးသားထားပါတယ်။



