
၂၆. ၅. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သည် ယခုနှစ်အစောပိုင်းက မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ ပြင်းအားကြီး ငလျင်လှုပ်ပြီးနောက်ပိုင်း ပြန်လည်တည်ထောင်ရေး အတွက် ပူးတွဲပြန်လည်ထူထောင်ရေးမူဘောင်တစ်ခုကို အဆိုပြုခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် ဒူဆစ် မနာပန်က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် အဆိုပြုချက်တွင် မြန်မာအစိုးရ၊ အာဆီယံနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုအကူအညီအတွက် အာဆီယံညှိနှိုင်းရေးစင်တာ၏ ပူးပေါင်းဆောင်ရွက်မှု ပါဝင်သည်ဟု ပြောကြားခဲ့သည်။
“ပထမအဆင့်ဖြစ်တဲ့ ရှာဖွေကယ်ဆယ်ရေးက ပြီးဆုံးသွားပါပြီ။ အခု ကျွန်တော်တို့ နောက်တစ်ဆင့်ဖြစ်တဲ့ ပြန်လည်ထူထောင်ရေးအဆင့်ကို ရောက်ရှိနေပါပြီ။ ဒါက ဘဏ္ဍာရေးအရရော နည်းပညာအရပါ ပိုမိုများပြားတဲ့ အရင်းအမြစ်တွေ (နဲ့) ပြင်းထန်တဲ့ (ကြိုးပမ်းမှုတွေ) လိုအပ်ပါတယ်” ဟု Dusit က ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးကာလအတွင်း Free Malaysia Today သို့ ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံက ဒေသတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ပုံစံတစ်ခုကို ကျွန်တော်တို့ စဉ်းစားနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
သို့သော်လည်း ၎င်းက ငလျင်၏ ပြင်းထန်သော သက်ရောက်မှုကြောင့် ဒေသအများအပြားကို ပြင်းထန်စွာ ထိခိုက်ခဲ့သောကြောင့် လုပ်ငန်းစဉ်တစ်ခုလုံးသည် ကြာရှည်ပြီး ရှုပ်ထွေးနိုင်ဖွယ်ရှိကြောင်း သတိပေးခဲ့သည်။
ယခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် မလေးရှားသည် မြန်မာနိုင်ငံတွင် ဒေသတွင်း လူသားချင်း စာနာထောက်ထားမှု ကြိုးပမ်းမှုများကို ဦးဆောင်နေပြီး မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ထိုင်းနိုင်ငံသည် အကျပ်အတည်း၏ သက်ရောက်မှုများကြောင့် မြန်မာနိုင်ငံ၏ ပြန်လည်ထူထောင်ရေးတွင် နက်နက်နဲနဲ ပါဝင်ပတ်သက်နေသည်။
၂၀၂၁ ခုနှစ် ဖြစ်စဉ်ပြီးနောက် နိုင်ငံတွင်း နိုင်ငံရေးမတည်ငြိမ်မှုများအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေသဖြင့် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများကိုလည်း အနီးကပ် စောင့်ကြည့်နေသည်။ သို့သော်လည်း တာဝန်ရှိသူများက လက်ရှိ ငလျင်ဘေးဆိုင်ရာ ပြန်လည်ထူထောင်ရေးကြိုးပမ်းမှု များသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များအပေါ်သာ အလုံးစုံအာရုံစိုက်ထားပြီး SAC၊ အခြားသက်ဆိုင်သူများနှင့် အာဆီယံအဖွဲ့အစည်း၏ လက်ရှိနိုင်ငံရေးထိတွေ့ဆက်ဆံမှုများနှင့် သီးခြားစီဖြစ်ကြောင်း ဒူဆစ်က အလေးထားပြောကြားခဲ့သည်။
မလေးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးများသည် မတ်လ ၂၈ က မြန်မာနိုင်ငံကို ဆုံးရှုံးမှုကြီးမားစေခဲ့သည့် ပြင်းထန်သော ငလျင်လှုပ်ပြီးနောက် လက်ရှိ သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများ၏ သက်ရောက်မှုကို အကဲဖြတ်ရန် မြန်မာနိုင်ငံသို့ ပူးတွဲသွားရောက်မည့်ခရီးစဉ် စီစဉ်နေကြောင်း ဒူဆစ်က ထပ်မံထုတ်ဖော်ပြောကြားခဲ့သည်။
ထို့အပြင် ၎င်းက အာဆီယံဒေသတွင်းဖိုရမ် လုံခြုံရေးမူဝါဒညီလာခံတွင် သဘောတူညီခဲ့သော အဆိုပါ ခရီးစဉ်သည် စိန်ခေါ်မှုရှိသော မြန်မာ့နိုင်ငံရေးကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံရန် အခွင့်အရေးတစ်ခုလည်း ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။

“အာဆီယံအနေနဲ့ အရမ်းစိန်ခေါ်မှုရှိတဲ့ ကြေညာထားတဲ့ အထွေထွေရွေးကောက်ပွဲ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲတွေ မကြေညာခင် မြန်မာအစိုးရကို ဘာတွေလုပ်ဖို့ တောင်းဆိုနိုင်လဲဆိုတာ မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ပါတယ်’’ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့အပြင် ၂၀၂၁ ခုနှစ်တွင် အာဆီယံ၏ ဘုံသဘောတူညီချက်ငါးချက်နှင့် ပတ်သက်၍ မေးမြန်းသောအခါ ဒူဆစ်က “ပွင့်ပွင့်လင်းလင်း ပြောရရင် အာဆီယံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှု သိပ်မတွေ့ရပါဘူး” ဟု ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။
ထို့သို့သော ပြောကြားချက်များအပြင် မြန်မာခေါင်းဆောင်များနှင့် အဆင့်မြင့်ထိတွေ့ဆက်ဆံမှုကို ကန့်သတ်ရန် ကြိုးပမ်းမှုများကိုလည်း ဒူဆစ်က မေးခွန်းထုတ်ခဲ့ပြီး SAC ခေါင်းဆောင်များနှင့် စကားပြောဆိုရန် ငြင်းဆန်ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုမိုစိန်ခေါ်မှုဖြစ်စေနိုင်သည်ဟု ပြောကြားခဲ့သည်။
“သူတို့နဲ့ မထိတွေ့ဖို့ ရွေးချယ်ရင် ရလဒ်တွေ ဘယ်လိုရနိုင်မလဲ။ ဒါကြောင့် ထိတွေ့ဆက်ဆံမှုက အရမ်း အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ဒူဆစ်က သုံးသပ် ပြောကြားခဲ့သည်။
“ထိုင်းနိုင်ငံက အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုကို ယုံကြည်တယ်။ သက်ဆိုင်သူအားလုံးနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှု လုပ်ရမယ်။ သူတို့ကို ဆွေးနွေးပွဲထဲကို ခေါ်ဆောင်ဖို့ ကြိုးစားရမယ်” ဟု ၎င်းက အလေးအနက် ပြောကြားခဲ့သည်။
Ref., Free Malaysia Today
