၂၆.၅.၂၀၂၅
Written By Zun
AA က စစ်မှုထမ်းခိုင်းသည်ကို မလိုလား၍ ဆန္ဒပြသူများ အဖမ်းခံရကြောင်း ရခိုင်ဒေသခံများထံမှ MT News က စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် မေလ ၁၈ ရက်က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းရှိ ကံပြင်၊ သက္ကယ်ကျွန်း၊ ဆားပြင်၊ တန်းလွဲရွာမ၊ ကင်းတောင်ရွာ၊ လမို့မော် စသည့် ရွာခံများက စစ်မှုထမ်းခေါ်ယူသည်ကို မလိုလားသောကြောင့် ဆန္ဒပြခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။
ယင်းသို့ ဆန္ဒပြသည်ကို AA က သေနတ်ပစ်ဖောက်၍ လူစုခွဲကာ ဖမ်းဆီးလိုက်သည့်အထဲ အသက်ကြီးပိုင်းများအပါအဝင် စစ်မှုထမ်းရန် ခေါ်ယူခံရသည့် လူငယ်တို့၏မိဘများ ပါဝင်ကြောင်းလည်း သိရသည်။
“အခုက AA ရဲ့ လုပ်ရပ်ဟာ ကျွန်တော်တို့အတွက် အိပ်မက်ဆိုးလို ဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်ကို ကိုယ့်မင်းကိုယ့်ချင်းနဲ့ အုပ်ချုပ်မယ်လို့ သွေးဆောင်ပြီးတော့ စစ်တပ်ဖက်ကို တိုက်ခိုက်တယ်။ အခု သူတို့ ဖြစ်နေတာက လုံ၀ အကြမ်းဖက်ပုံစံ ဖြစ်နေတာ။ ဆန္ဒပြသူတွေက ကိုယ့်ရဲ့ အိမ်တွေမှာရှိတဲ့ လူငယ်တွေရဲ့ မိဘတွေ၊ အဘိုးတွေ၊ အဘောင်တွေက ပြကြတာလေ။ အခုထိ မလွတ်လာသေးဘူး။ နောက်ထပ် ဘယ်လောက်ထိ ဆိုးဆိုးရွားရွားတွေ ကြုံလာရမလဲ မပြောတတ်တော့ဘူး”ဟု တောင်ကုတ်ဒေသခံတစ်ဦးက MT News ကို ပြောသည်။
အဆိုပါ အဖမ်းခံရသူများအား မိသားစုဖြင့် တွေ့ခွင့်လည်းမပေးသည့်အပြင် တွေ့ဆုံခွင့်တောင်းသူများကိုလည်း AA က ခြိမ်းခြောက်နေကြောင်း ဒေသခံများက စိတ်ပျက်စကားဆိုသည်။
“တဖြည်းဖြည်းနဲ့ မင်းသားခေါင်း ကျွတ်ကျပြီး ဘီလူးခေါင်းပေါ်လာပြီ”ဟု တောင်ကုတ်မြို့ခံတစ်ဦး MT News ကို ပြောသည်။
AA ထိန်းချုပ်မှုအောက် မနေလို၍ ထွက်ပြေးသည့်ရခိုင်လူမျိုးများကို စစ်မှုထမ်းဥပဒေဖြင့် အရေးယူမည်ဟု AA က ပြီးခဲ့သည့်မေလ ၂၂ ရက် တွင် ခြိမ်းခြောက်စာ ထုတ်ပြန်ခဲ့သေးသည့် သတင်းကို MT News က ဖော်ပြခဲ့ပြီးဖြစ်သည်။
ယင်းခြိမ်းခြောက်စာတွင် နေရပ်စွန့်ခွာရန် လိုလားသောသူများနှင့် (NDEP) အရ စစ်မှုထမ်းရန်အကျုံးဝင်ပြီး စစ်မှုမထမ်းလို၍ ပြင်ပသို့ ထွက်ပြေးရန် ကြိုးစားကြသူများအား သွားလာခွင့်မပြုကြောင်း၊ ပြင်းထန်ရောဂါရှိ လူနာများမှအပ အမျိုးသမီး ဖြစ်လျှင် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း၊ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း စစ်မှုထမ်းအကျုံးဝင်သူများကို သွားလာခွင့်မပြုကြောင်း ဖော်ပြထားသည်။
အလားတူ နေရပ်စွန့်ခွာသူများအား ကုန်းလမ်း၊ ရေလမ်းတို့မှ အခကြေးငွေယူ၍ သယ်ယူပို့ဆောင်ပေးနေသူများကိုလည်း ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ အခြေခံစားသောက်ကုန် ရောင်းခြင်း၊ ဝယ်ခြင်း လုပ်ဆောင်နေကြသည့် ကုန်သည်များ၊ နွားကုန်သည်များ၊ နွားအချ အငှားလိုက်သူများ ကုန်သည်များအနေဖြင့် သွားရောက်ချိန်တွင် လူပိုများကိုခေါ်ဆောင်ခြင်း၊ အခကြေးငွေယူ၍ လူကယ်ရီပို့ဆောင်ခြင်း လုံးဝမပြုလုပ်ရန် တားမြစ်လိုက်ကြောင်းလည်း AA အမိန့်ထုတ်စာက ဖော်ပြခဲ့သည်။
