
၂၆. ၅. ၂၀၂၅
Translated by Tha Doe
လူမှုကွန်ရက်မှာ ထင်ရှားတဲ့ မြန်မာနိုင်ငံက ရှမ်းလူမျိုးဆယ်လီတစ်ဦးက ထိုင်းနိုင်ငံက မြေကွက်တွေကို လူမှုကွန်ရက်မှာ တိုက်ရိုက်ထုတ်လွှင့်ပြီး ရောင်းဝယ်ဖောက်ကားနေသလို မြန်မာနိုင်ငံက ဝယ်ယူသူတွေကို လွယ်ကူတဲ့ ငွေပေးချေမှုတွေနဲ့ ပဋိပက္ခဒေသကနေ ခိုလှုံရာအဖြစ် ကမ်းလှမ်း ရောင်းချနေမှုအပေါ် ထိုင်းအာဏာပိုင်တွေ မျက်စိမှိတ်နေချိန်မှာ ထိုင်းနိုင်ငံမြောက်ပိုင်းက တရားမဝင် မြေရောင်းဝယ်မှုတွေအတွက် ထိုင်းပြည်သူလူထုမှာ စိုးရိမ်ပူပန်မှုတွေ တိုးပွားလာစေခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် မြေယာလက်ဝါးကြီးအုပ် ရောင်းချနေသူတွေ အသုံးပြုတဲ့ နည်းဗျူဟာအသစ်အပေါ် ပြည်သူလူထုက စိုးရိမ်ပူပန်မှုများစွာ မြင့်တက်လာနေရပါတယ်။ မြေရောင်းချနေသူတွေဟာ နိုင်ငံပိုင်မြေကွက်တွေ၊ ဘဏ္ဍာရေးဌာနပိုင်မြေတွေ၊ သစ်တောကြိုးဝိုင်းမြေတွေ၊ ဥပဒေနဲ့ ကာကွယ်ထားတဲ့ ဥယျာဉ်ခြံမြေတွေနဲ့ ထိုင်းနိုင်ငံရဲ့ ထင်ရှားကျော်ကြားတဲ့ ဒိုင်နန်နွန်တောင်အနီးက နေရာတွေအပါအဝင် ရောင်းချခွင့်မရှိဘဲ တရားဝင်ကာကွယ်ထား တဲ့မြေတွေကိုပါ ဆိုင်းဘုတ်တွေထောင်၊ အွန်လိုင်းကြော်ငြာတွေပြုလုပ်ပြီး လူသိရှင်ကြား ရောင်းချနေကြတာပါ။ ပိုလို့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတာက မြေလက်ဝါးကြီးအုပ်ထားတဲ့ ပွဲစားတွေက မြန်မာနိုင်ငံက လူသိန်းချီပြီး Follower တွေရှိတဲ့ ရှမ်းတိုင်းရင်းသားဆယ်လီတွေကို ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်က မြေကွက်တွေ တိုက်ရိုက်ထုတ်လွှင့် ကြော်ငြာ ရောင်းချဖို့ စည်းရုံး စုဆောင်းထားမှုပါပဲ။
မြန်မာနိုင်ငံက ရှမ်းလူမျိုးတွေနဲ့ မြန်မာနိုင်ငံသားတွေကြားမှာ ရေပန်းစားတဲ့ အွန်လိုင်းဆယ်လီတွေဟာ တရားဝင်ရောင်းချခွင့်မရှိတဲ့ မြေတွေကို မြန်မာနိုင်ငံသားတွေဆီ ရောင်းချပေးမှုမှာ ထိုင်းနိုင်ငံသား ပြည်တွင်းပွဲစားတွေ ရရှိတဲ့ ကော်မရှင်ခနည်းတူကို ရရှိနေတယ်လို့လည်း သိရပါတယ်။
အွန်လိုင်းဆယ်လီတွေရဲ့ ထိုင်းမြေတွေကို တရားမဝင် တိုက်ရိုက်ထုတ်လွှင့်ရောင်းချမှုတွေမှာ မြန်မာနိုင်ငံသားတွေကို ရည်ရွယ်တဲ့ ခိုင်မာပြီး စိတ်ချရတဲ့ မြေဆိုတာမျိုး သတင်းမှားပေးမှုတွေ ပါဝင်သလို သူတို့ရောင်းချနေတဲ့ မြေကွက်ဟာ နယ်စပ်နဲ့ အလွန်နီးကပ်တယ်ဆိုကြောင်း၊ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နဲ့ မျက်နှာချင်းဆိုင် တာချီလိတ်မြို့ကနေဆို သူတို့မြေကွက်တွေကို မိနစ်ပိုင်းအတွင်း သွားလာရလွယ်ကူကြောင်း မီးမောင်းထိုး ရောင်းချနေကြတာပါ။




ရှမ်းအွန်လိုင်းဆယ်လီတွေဟာ သူတို့ Follower တွေကို မိသားစုလိုက် ထိုင်းနိုင်ငံဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းကြသလို မြန်မာနိုင်ငံက ပဋိပက္ခဒေသတွေဆီကနေ ငြိမ်းချမ်းသော ရွေးချယ်စရာအဖြစ် ပုံဖော်ထားကြတာပါ။
ရှမ်းဆယ်လီတွေ ကြော်ငြာထားတဲ့ ထိုင်းမြေကွက်များစွာဟာ နိုင်ငံပိုင် ဒါမှမဟုတ် မကျူးကျော်ရအလံလွှင့်ထူ ကာကွယ်ထားတဲ့ ဧရိယာတွေဖြစ်လို့ ဝယ်ယူရောင်းချမှုမှာ ဥပဒေရေးရာ ပြဿနာတွေ အကြီးအကျယ် ဖြစ်ပေါ်နေတာပါ။ အချို့မြေကွက်တွေက နည်းပညာအရ တရားဝင်ပေမဲ့ အချို့က တရားမဝင်ပါဘူး။ ဒါပေမဲ့ ဆယ်လီတွေနဲ့ ပွဲစားတွေကတော့ အားလုံးက တရားဝင်သလိုပုံစံနဲ့ စျေးကွက်တင်နေပြီး ထိုင်းနိုင်ငံရဲ့ မြေပိုင်ဆိုင်မှုဥပဒေတွေကို မသိနားမလည်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နေကြတာပါ။
ထိုင်းဥပဒေအရ နိုင်ငံခြားသားတွေဟာ မြေပိုင်ဆိုင်မှု ဒါမှမဟုတ် မြေဝယ်ယူမှုကို ငွေကြေးထောက်ပံ့မှု (အမည်ခံဝယ်ယူမှု)ကို တားမြစ်ထားပါတယ်။ လက်ရှိရောင်းချနေတဲ့ မြန်မာအွန်လိုင်းဆယ်လီတွေနဲ့ ထိုင်း မြေပွဲစားတွေရဲ့ ဒီမြေရောင်းချမှုတွေဟာ ထိုင်းနိုင်ငံမှာ မြေပိုင်ဆိုင်ခွင့် ဒါမှမဟုတ် အမည်ခံမြေဝယ်ယူခွင့်မရှိတဲ့ မြန်မာဝယ်သူတွေကို ပစ်မှတ်ထားတဲ့ လိမ်လည်မှု ဖြစ်နိုင်တဲ့အပေါ်လည်း စိုးရိမ်ပူပန်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒီလို လုပ်ဆောင်နေမှုတွေကို ထိန်းချုပ်ဖို့ ဒါမှမဟုတ် စုံစမ်းစစ်ဆေးဖို့ ကြိုးပမ်းမှုတွေကလည်း နည်းပါးနေဆဲဖြစ်ပြီး အာဏာပိုင်တွေဟာ အရင်က ဧရိယာအချို့ကို စစ်ဆေးခဲ့ပေမဲ့ ဆက်လက်ရောင်းချခွင့်မပြုဖို့ ဆုံးဖြတ်ချက်ချတဲ့ လုပ်ဆောင်မှု မရှိခဲ့တာကြောင့် ဒေသခံတွေက ပြည်သူပိုင်မြေဟာ တာဝန်ခံမှုမရှိဘဲ စီးပွားဖြစ် ကုန်ပစ္စည်းတစ်ခု ဖြစ်လာပုံကို မေးခွန်းထုတ်နေကြပါတယ်။
တစ်ချိန်တည်းမှာ ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul က မြေစာရင်းဦးစီးဌာနကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြေတိုင်းတာရေးစီမံကိန်း အရှိန်မြှင့်ဖို့ ညွှန်ကြားထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Traisulee Traisoranakul က ကြေညာခဲ့ပြီး ဒီအစပျိုးမှုဟာ အမျိုးသားပန်းတိုင်တွေနဲ့အညီ ပြည်သူလူထုကို မြေပိုင်ဆိုင်မှုစာချုပ်တွေ ထုတ်ပေးဖို့၊ မြေပိုင်ဆိုင်မှုလုံခြုံမှုကို သေချာစေဖို့နဲ့ နိုင်ငံသားတွေအတွက် ချေးငွေနဲ့ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေကို မြှင့်တင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ပုံစာ။ တရားဝင်ရောင်းချခွင့်မရှိသော ထိုင်းမြေများကို Live လွှင့်ရောင်းချနေကြသည့် ဆယ်လီများ။
Ref .,The Nation Thailand
