၂၆.၅.၂၀၂၅
Translated by Htwe Ko Tun
လိုက်ဘေးရီးယားအလံလွှင့်ထူထားသော ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ကုန်ပစ္စည်းများတင်ဆောင်ထားသည့် ကုန်သေတ္တာတင်သင်္ဘောတစ်စီးက အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်ကမ်းရိုးတန်းတွင် နစ်မြုပ်ခဲ့ကြောင်း အိန္ဒိယရေတပ်က မေလ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
၁၈၄ မီတာအရှည်ရှိသော ကုန်သေတ္တာတင်သင်္ဘောက ကီရာလာပြည်နယ်၊ ဗီဇင်ဂျမ်မြို့မှ ပြည်နယ်အတွင်း ကိုချီမြို့သို့ ထွက်ခွာလာခြင်းဖြစ်ပြီး မေလ ၂၅ ရက်တွင် ဘေးဒုက္ခရောက်နေကြောင်း အကြောင်းကြားချက်ပို့ခဲ့သည်ဟုလည်း အိန္ဒိယရေတပ်က ပြောခဲ့သည်။
အိန္ဒိယရေတပ်မှ လေယာဉ်တစ်စီးက နယ်မြေအတွင်း ပျံသန်းရှာဖွေကာ အသက်ကယ်လှေနှစ်စီးကိုလည်း ချပေးခဲ့သည်။ သင်္ဘောက ကိုချီမြို့မှအနောက်တောင်ဘက် ရေမိုင် ၃၈ မိုင်ခန့်အကွာတွင်စတင် နစ်မြုပ်နေခြင်းဖြစ်ပြီး သင်္ဘောသား ၂၄ ဦးစလုံးကိုမူ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
သင်္ဘောသားများတွင် ဂျော်ဂျီယာ၊ ရုရှား၊ ယူကရိန်းနှင့် ဖိလစ်ပိုင်နိုင်ငံသားများပါဝင်ကြောင်း ရေတပ်က ကြေညာခဲ့သည်။
သင်္ဘောက ကုန်သေတ္တာ ၆၄၀ နှင့်အတူ နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ကုန်သေတ္တာ ၁၃ ခုတွင် ဘေးအန္တရာယ်ဖြစ်စေသော ကုန်ပစ္စည်းများနှင့် ၁၂ ခုတွင် ကယ်လ်စီယမ်ကာဗိုဒ်တို့ပါဝင်ကြောင်းလည်း ကြေညာချက်က ပြောခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာနကလည်း ကုန်သေတ္တာများတွင် ဘေးအန္တရာယ်ဖြစ်စေသောပစ္စည်းများပါဝင် လာသည်တို့ရှိကြောင်း၊ ကယ်လ်စီယမ်ကာဗိုဒ်က ဓာတ်မြေဩဇာထုတ်လုပ်ရေးနှင့် သံမဏိပြုလုပ်ရေးတို့အပါအဝင် စက်မှုဓာတုလုပ်ငန်းများတွင် အသုံးပြုရန်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့ပြင်သင်္ဘောပေါ်တွင် လောင်စာနှင့်ရေနံ ၃၇၀ တန်ပါရှိ၍ ၎င်းနစ်မြုပ်မှုကြောင့် ဂေဟစနစ်ပျက်စီးမည်ကို စိုးရိမ်နေရကြောင်း သိရသည်။
REF- CNA
