၂၆. ၅. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၆၈၈ ဘီလျံကျော်လျာထားပြီး ၂၀၂၅ မိုးရာသီတွင် ဧကပေါင်း ၃ ဒသမ ၇ သန်းကျော်အတွက် ကျပ်ဘီလျံ ၅၄၀ ခန့် ထုတ်ချေးရန် လျာထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဖြေကြားထားသည်။
ယခု ၂၀၂၅ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား ယခင်ချေးငွေ အရင်း၊ အတိုးများပါ ပြေကျေစွာ ပေးဆပ်ပြီးသည့် တောင်သူများသို့ မိုးရာသီစိုက်ပျိုးချိန်အမီ ယခုမေလ ၁၉ ရက်မှစတင်၍ ယခင်နှစ်နည်းတူ တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများမှတစ်ဆင့် ထုတ်ချေးနေပြီဖြစ်ကြောင်း အသိပေးထားပြီးဖြစ်သည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စုစုပေါင်းစိုက်ပျိုးဧက ၅ ဒသမ ၀၈၉ သန်းအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၆၈၈ ဒသမ ၁၁၂ ဘီလျံအထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ယခု ၂၀၂၅ မိုးရာသီစိုက်ပျိုးသီးနှံ ဧကပေါင်း ၃ ဒသမ ၇၆၅ သန်းအတွက် ကျပ် ၅၃၈ ဒသမ ၂၁၃ ဘီလျံ ထုတ်ချေးပေးမည်ဖြစ်သည်။
ထို့အတူ ၂၀၂၅ ဆောင်းရာသီစိုက်ပျိုးသီးနှံ ဧကပေါင်း ၁ ဒသမ ၂၅၃ သန်းအတွက် ကျပ် ၁၃၉ ဒသမ ၈၉၉ ဘီလျံ ထုတ်ချေးပေးမည်ဖြစ်ပြီး ၂၀၂၆ မိုးကြိုရာသီ စိုက်ပျိုးသီးနှံဧက ၇၀,၃၁၁ အတွက် ကျပ် ၁၀ ဘီလျံထုတ်ချေးပေးသွားမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်းစိုက်ပျိုးဧက ၄ ဒသမ ၅၇၉ သန်း (တောင်သူ ၇၄၄,၁၉၄ ဦး) အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၆၂၃ ဒသမ ၁၄၂ ဘီလျံ ထုတ်ချေးပေးခဲ့သည်။ ယင်းအနက် ၂၀၂၄ မိုးရာသီစိုက်ပျိုးသီးနှံအတွက် ကျပ် ၄၉၄ ဒသမ ၉၁၇ ဘီလျံ၊ ၂၀၂၄ ဆောင်းရာသီစိုက်ပျိုးသီးနှံအတွက် ကျပ် ၁၂၀ ဒသမ ၆၈၇ ဘီလျံနှင့် ၂၀၂၅ မိုးကြိုစိုက်ပျိုးသီးနှံအတွက် ကျပ် ၇ ဒသမ ၅၃၆ ဘီလျံ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
