ဓာတ်ပုံ - ထိုက်စံ ၊ CJ
၂၆. ၅. ၂၀၂၅
Written by Thettant
ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် ညောင်တုန်းမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက နေအိမ်အလုံး ၂၀ ရေထဲမျောပါ ဆုံးရှုံးမှုနှင့် ရေထဲမျောပါနိုင်မှုကြောင့် ဖြိုဖျက်ခဲ့ရသည့် နေအိမ် ၃၉ အိမ်မှ ပြည်သူများ အိုးမဲ့အိမ်မဲ့မှုဖြစ်ပွားကာ အကူအညီများ လိုအပ်နေကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ မေလ ၂၅ ရက်ကူးစ ညသန်းခေါင် ၁ နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာ (အနောက်ကျွန်း)ကျေးရွာအနီးတွင်၊ ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် လူနေအိမ်(၁၃)လုံးနှင့် အမှတ်(၄) ရပ်ကွက်၊ တိုးချဲ့နယ်မြေအနီးတွင် လူနေအိမ်(၇)လုံး မျောပါခဲ့သည်။ ထို့အတွက် မြစ်ကမ်းပါးအနီးရှိ ပြိုကျနိုင်ခြေရှိသည့် နေအိမ်များအား ညောင်တုန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ခဲ့ရသည်။
နေအိမ်မြစ်ထဲမျောပါနိုင်မှုကြောင့် ဖြိုဖျက်ရသည့် နေအိမ် ၃၉ အိမ်မှာ အိမ်အသုံးအဆောင်ပစ္စည်းများ ဆုံးရှုံးမှုမရှိသော်လည်း ညသန်းခေါင်အချိန် အိမ်အလုံးလိုက်မျောပါသွားသည့်မိသားစု ၂၀ မှာ အရာရာလိုအပ်နေကြောင်းနှင့် လက်ရှိကာလတွင် ဒုက္ခသည်ယာယီစခန်းနှင့် အသိမိတ်ဆွေများနေအိမ်တွင် နေထိုင်နေရကြောင်း သိရသည်။
“မျောပါသွားတာရော ဖြိုဖျက်လိုက်ရတာရောက စုစုပေါင်း ၅၉ လုံးပါ။ စုစုပေါင်း လူဦးရေက ၁၃၆ ဦးလောက် ရှိပါတယ်။ အခုလောလောဆယ်က သူတို့စုနေကြတဲ့ ယာယီစခန်းလည်းရှိသလို အသိမိတ်ဆွေအိမ်တွေမှာလည်း နေနေကြတယ်။ ပိုပြီးဒုက္ခရောက်တာက အိမ်အလုံးလိုက်မျောသွားတဲ့ မိသားစု ၂၀ ပေါ့။ ညသန်းခေါင် အိပ်မောကျနေချိန်ဖြစ်တော့ တချို့က မြစ်ထဲပါသွား၊ တချို့က သေပြေးရှင်ပြေး ပြေးရတာပေါ့။ မြစ်ဘေးနေသူတွေမို့ ရေကူးတတ်လို့သာ အသေအပျောက်မကြားရတာ။ မိုးနဲ့လေနဲ့ရေနဲ့ဆိုတော့ အဆင်မပြေကြဘူးပေါ့”လို့ ကူညီပေးသူတစ်ဦးက ပြောပါတယ်။
ဓာတ်ပုံ – ထိုက်စံ ၊ CJ






