၂၆. ၅. ၂၀၂၅
Written by Nyein Kyaw
ငလျင်ကြောင့် ပျက်စီးသွားသည့် စစ်ကိုင်းမြို့မှ လျှပ်စစ်မီတာများအတွက် နိုင်ငံတော်က မီတာအသစ်များ အခမဲ့ပြန်လည်တပ်ဆင်ပေးမည့်အပြင် ပျက်စီးမှုမရှိသော်လည်း အဆောက်အဦပြင်ဆင်နေမှုကြောင့် ပိတ်ထားသည့် မီတာများကိုလည်း မည်သည့်အခကြေးငွေမှ တောင်းခံခြင်းမရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးဇာနည်တင်မိုးက နိုင်ငံပိုင်မီဒီယာသို့ ဖြေကြားထားသည်။

ငလျင်ကြောင့် စစ်ကိုင်းမြို့အတွင်း ပျက်စီးသွားသည့်မီတာများကို လက်ရှိတွင် စာရင်းကောက်ယူထားရှိပြီး ပြန်လည်တပ်ဆင်ပေးနိုင်သည့် မီတာများနှင့် လုံးဝပျက်စီးသွားသည့် မီတာများကို ခွဲခြားပြီးကောက်ယူထားကြောင်း၊ လုံးဝပျက်စီးသွားသည့် မီတာများအတွက်လည်း အိမ်ရှင်အနေဖြင့် မည်သည့်ပိုက်ဆံအခကြေးငွေ ပေးဆောင်စရာမလိုကြောင်း သိရသည်။
“နိုင်ငံတော်ကနေပြီးတော့ အလုံးလိုက်ပြန်တပ်ဆင်ပေးသွားမှာဖြစ်ပါတယ်။ တချို့တွေဆိုရင် အိမ်ပြိုတဲ့အထဲမှာပါပြီးတော့ ကြေသွားတာတွေရှိပါတယ်။ အဲဒီမီတာတွေကို ကျွန်တော်တို့က ဒါကို အစားထိုး ပြန်လည်တပ်ဆင်ပေးသွားမှာဖြစ်ပါတယ်။ တချို့ကျတော့လည်း မီတာကတော့ အလုံးလိုက် ပျက်စီးသွားတာမဟုတ်ဘူး။ ပျက်မသွားဘူး။ အလုံးအတိုင်း အကောင်းရှိတယ်ဆိုရင် ကျွန်တော်တို့ ဒါကို ပြန်လည်တပ်ဆင်ပြီးတော့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါတယ်။ တပ်ဆင်တဲ့နေရာမှာ ကျွန်တော်တို့က ဘာမှ ဒဏ်ကြေးကောက်တာတွေ ဘာတွေမရှိဘူး။ ဌာနကပဲ အစအဆုံးတပ်ဆင်ပေးသွားမှာဖြစ်ပါတယ်။ ဒါက အိမ်ရှင်ရဲ့အပြစ်ကြောင့်မဟုတ်ပါဘူး။ သဘာဝဘေးကြောင့်ဖြစ်တဲ့အတွက် ဒါကို ဘာမှ ပိုက်ဆံပေးစရာမလိုပါဘူး” ဟု ဦးဇာနည်တင်မိုးက ပြောသည်။
ငလျင်ကြောင့် အိမ်ပြိုသွားသည့်အတွက် ၎င်းတို့၏ နေအိမ်အဆောက်အဦများ ပြန်လည်ပြုပြင်နေချိန်အတွင်း မီတာများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရုံးသို့ လာရောက်အပ်နှံထားမှုများလည်းရှိပြီး အဆိုပါမီတာများအား Demand ပိတ်ပြီး ငွေတောင်းခံမှုများ အားလုံးရပ်နားထားကြောင်း သိရသည်။
“တချို့တွေက အိမ်ပြိုသွားတဲ့အခါမှာ မီတာကို ရုံးမှာ လာအပ်ထားတာရှိပါတယ်။ သူတို့က ဒီကြားထဲမှာ မသုံးသေးဘူး။ မီတာပျက်စီးမှာဖြစ်တဲ့အတွက် ရုံးကိုလာပြန်အပ်ထားတာတွေရှိပါတယ်။ နောက်ပြီးတော့ ဒီပျက်စီးဆုံးရှုံးသွားတဲ့မီတာတွေမှာ ကျွန်တော်တို့က ဒဏ်ကြေးဆောင်ရတာတွေ ဘာတွေမရှိဘဲနဲ့ ပျက်စီးသွားတဲ့မီတာတွေကို Demand ပိတ်ပြီးတော့ မကောက်ခံရအောင် ဆောင်ရွက်ထားပါတယ်။ Demand ပိတ်တယ်ဆိုရင် ပိုက်ဆံဘာမှ မကောက်တော့ဘူး။ ငွေတောင်းခံတဲ့ဟာတွေအကုန်လုံး ကျွန်တော်တို့က ရပ်ထားတာ” ဟု ဦးဇာနည်တင်မိုးက ပြောသည်။
မီတာပျက်စီးသွားသည့် အိမ်များ၊ ရုံးဌာနများအနေဖြင့် အဆောက်အဦများ ပြန်လည်တည်ဆောက်ပြီးစီးသွားချိန်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသို့ အကြောင်းကြားပါက မူလအသုံးပြုနေသည့် မီတာများကို ချက်ချင်းပြန်လည်တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
