၂၆. ၅. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ဆက်တိုက်ကျဆင်းလာခဲ့သည့် စားအုန်းဆီဈေးနှုန်း ယခုတစ်ပတ်တွင် အခြေခံလက်ကားဈေးနှုန်း တစ်ပိဿာ ကျပ် ၆,၃၉၀ သတ်မှတ်ခဲ့၍ ပြီးခဲ့သည့်နှစ်ပတ်ထက် ကျပ် ၂၃၀ ကျဆင်းခဲ့သလို ငါးလအတွင်း ကျပ် ၈၉၀ ကျဆင်းလာခဲ့ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။
ပြည်ပမှ စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၃၉၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာနိုင်ငံသို့ CIF စနစ်အရ တင်သွင်းနေသည့် စားအုန်းဆီတစ်တန်ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဆက်တိုက်ကျဆင်းလာခဲ့ရာ ပြည်တွင်းတစ်ပိဿာ လက်ကားရည်ညွှန်း ဈေးနှုန်းမှာလည်း ယခုမေလ ၁၂ ရက်မှ ၁၈ ရက်အတွက် ထုတ်ပြန်ထားသည့်ဈေးနှုန်း ကျပ် ၆,၆၂၀ ထက် ကျပ် ၂၃၀ ကျဆင်းခဲ့သည်။ ဈေးနှုန်းစတင်ကျဆင်းခဲ့သော ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ငါးလတာကာလအတွင်း ကျပ် ၈၉၀ ကျဆင်းခဲ့ခြင်းဖြစ်သည်။
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca. gov.mm Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
