
၁၈. ၅. ၂၀၂၅
Photo by Tha Doe

ရေလယ်ကျောက်တန်းလို့ အများအလွယ်ခေါ်တဲ့ ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ်ကြီးကိုသာသနာနှစ် (၂၁၅) ခုနှစ်မှာ ပါဒနိုင်ငံတော်ကြီးကို စတင်တည်ထောင် နန်းတည်စိုးစံခဲ့တဲ့ ဘောဂသေနမင်းဟာ ဆရာရသေ့ ပေးအပ်လာတဲ့ ဘုရားရှင်ရဲ့ ဆံတော်နဲ့ ဓာတ်တော်တွေကို ဌာပနာပြုလို့ သာသနာသက္ကရာဇ် (၂၃၈) ခုနှစ်မှာ ဆရာ ရသေ့ ညွှန်ပြရွေးချယ်ပေးသော ကျောက်ခုံပေါ်ဉာဏ်တော် (၇) တောင်ရှိတဲ့ ကျိုက်မျှော်ကဋော့ စေတီတော်ကို စတင်တည်ခဲ့တာပါ။

ဘောဂသေနမင်းကနေ (၁၀) ဆက်မြောက် တွတ္တနာဂမင်းကြီး လက်ထက်မှာ သီဟိုဠ်ဘုရင်ထံက လက်ဆောင် ပဏ္ဏာအဖြစ် ရရှိခဲ့တဲ့ ဆံတော် (၁) ဆူ၊ ဓာတ်တော် (၂၇) ဆူကို ရွှေကြုတ်၊ ငွေကြုတ်မှာ ထည့်ပြီး သီရိလင်္ကာက ကြွရောက်လာတဲ့ ရဟန္တာအရှင်သူမြတ် (၈) ပါး မိန့်ကြားချက်နဲ့အညီ မူလကျိုက်မျှော်ကဋော့စေတီတော်ပေါ် ဌာပနာပြီး စေတီတော်ရင်ပြင်ကို ရေမလွှမ်းမိုးနိုင်စေဖို့၊ လာသမျှ ရဟန်းရှင်လူအပေါင်း ရင်ပြင်တော်ပေါ် နေလောက်စေဖို့နဲ့ စေတီကို ပြုပြင်လှူဒါန်းသူဟာ ပစ္စုပ္ပန်မှာကို လောကီစီးပွားတိုးတက်စေဖို့ အဓိဌာန်သုံးချက်နဲ့ ပြင်ဆင်မွမ်းမံခဲ့တာကြောင့် တည်မြဲခဲ့တာကို ကောဇာသက္ကရာဇ် ၁၂၇၁ ခုနှစ်မှာ အမိန့်တော်ရ ရှေ့နေဦးဘထွန်းရဲ့ဇနီး ဒေါ်ဒေါ်သက် အိပ်မက်အရ ကျိုက်မှော်ဝန်းချောင်း ရေလယ်မှာရှိတဲ့ ကုန်းတော်ပေါ် ရောက်ရှိချိန် ဉာဏ်တော် (၇) တောင်ရှိ စေတီပျက်ကို တွေ့ရှိတာကြောင့် ဉာဏ်တော် (၃၄) တောင်၊ မုခ် (၄) ဆင့်ပါ စေတီတော်ကို မူလစေတီငယ်ကို ငုံပြီး တည်ဆောက်ခဲ့တဲ့အပြင် စေတီတော်ဘွဲ့ကိုလည်း ကျိုက်မျှော်ကဋော့ကနေ ကျိုက်မှော်ဝန်းရေလယ်စေတီတော်လို့ ဘွဲ့တော်ပြုခဲ့တဲ့ ရေလယ်ကျောက်တန်းဘုရားမှာ ဒီနေ့ ပိတ်ရက်ကာလ ဘုရားဖူးလာသူများပြားနေပါတယ်။

မိုးရာသီဝင်လာပေမဲ့ ရာသီဥတုဟာ လှိုင်းလေ မပြင်းထန်သေးချိန်မှာ ရန်ကုန်မြစ်ရဲ့ မြစ်လက်တက်တစ်ခုဖြစ်တဲ့ မှော်ဝန်းမြစ်တွင်းက ကျွန်းငယ်တစ်ခုပေါ် တည်ရှိတဲ့ ရေလယ်ကျောက်တန်းဘုရားဆီ ဘုရားဖူးရင်း အပန်းပြေခရီးထွက်လာတဲ့ ပြည်သူတွေဟာ များပြားလှပြီး ရင်ပြင်တော်အပေါ် ထိုင်နားနေသူတွေ၊ ထမင်းစားနေသူတွေ၊ ဓာတ်ပုံရိုက်၊ TikTok ဆော့နေသူတွေ ပြည့်လျှံနေပေမဲ့ မူလဆုတောင်းအဓိဌာန်ကြောင့် နေစရာလုံလောက်တာလည်း အံ့ဖွယ်တစ်မျိုးထင်မိပါရဲ့။

