၁၇. ၅. ၂၀၂၅
Written by Hey Mar
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၊ သာဂရ (တောင်) ကျောင်းတိုက်မှာ အရက်၊ ဘီယာသောက်ပြီး မူးယစ်ရမ်းကားနေတဲ့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကို မြို့နယ်သံဃာ့ဝန်ဆောင်၊ မြို့နယ် ဝိသောဓနီအဖွဲ့(သာ/ထိန်း)ရဲ့ တာဝန်ရှိသူတွေက သိက္ခာချ လူဝတ်လဲကာ ရဲလက်အပ်ခဲ့တဲ့ဖြစ်စဉ် မနေ့က မေလ ၁၆ ရက်နေ့ ည ၉ နာရီဝန်းကျင်မှာ လုပ်ဆောင်ခဲ့ကြောင်း အုတ်တွင်းမြို့ဈေးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ တေဇသီရိ အဂ္ဂမဟာ ပရဟိတဓရ နာယက၊ ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)ထံကနေ သိရပါတယ်။
အဆိုပါ သာဂရ (တောင်) ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်အကြောင်းကို ဖုန်းသတင်းနဲ့ တိုင်ကြားချက်တွေ မကြာခဏ ရရှိပေမယ့် ဝါတော် (၃၀)ကျော်နေတဲ့ ကျောင်းထိုင်ဆရာတော်မို့ ပြုပြင်တန်ကောင်းရဲ့လို့ သတ်မှတ်ပြီး သက်ဆိုင်ရာ ရပ်/ကျေး သံဃနာယကအဖွဲ့မှ တစ်ကြိမ်ခေါ်ယူဆုံးမ ခံဝန်လက်မှတ်ရေးထိုးခိုင်းထားကြောင်း၊ ဒါပေမယ့် ယခု တစ်ကြိမ်ဖြစ်စဉ်မှာ မူးရူးရမ်းကားပြီး အတူသီတင်းသုံးဖော်ရဟန်းကို ကိုင်းခုတ်ဓားတစ်ချောင်းနဲ့ ခြိမ်းခြောက်ကာ လမ်းပေါ်ထွက်ပြီး ဆဲဆိုရမ်းကားနေကြောင်း အရပ်ထဲက နေထိုင်သူတချို့က ဖုန်းဆက်တိုင်ကြားတာလို့လည်း သိရပါတယ်။
အုတ်တွင်းမြို့ ဈေးကျောင်းတိုက် ကျောင်းထိုင်ဆရာတော်လည်းဖြစ်ပြီး မြို့နယ်သံဃာ့ဝန်ဆောင်၊ မြို့နယ် ဝိသောဓနီအဖွဲ့(သာ/ထိန်း)ရဲ့ တာဝန်ရှိသူလည်းဖြစ်တဲ့ဆရာတော် ဘဒ္ဒန္တ တေဇသီရိက “အခုတော့ လူဝတ်လဲ ရဲလက်အပ်လိုက်တာပါပဲ။ သာ/ညှိုးနဲ့ဆို တရားရုံးဦးတိုက် လျှောက်နေရတာဆိုတော့ အလုပ်ရှူပ်လို့ပါ။ ရဲက မူးယစ်ရမ်းကားနဲ့ ဖွင့်တာများပါတယ်။ အခုကိုယ်တော်က တောထွက်ပေမယ့် ဝါက (၃၀)ရှိနေပါပြီ။ မနေ့က မနက်ပိုင်းထဲက မူးတာ ရွာက လူတွေက လှမ်းတိုင်ကြတာ။ ရပ်/ကျေးမှာ ခံဝန်ထိုးထားတာကိုလည်း နေ့တိုင်းဆက်မူးတာပဲ။ အခုက ဓားပါကိုင်ရမ်းကားလို့ပါ”လို့ MT Newsက ဆက်သွယ်မေးမြန်းတာကို ပြန်လည်မိန့်ကြားပါတယ်။
ဖြစ်စဉ်အတွင်း အုတ်တွင်းမြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ကြီးထံ သတင်းပို့ သြဝါဒခံယူပြီး၊ အုတ်တွင်းမြို့နယ် သာ/ထိန်း အဖွဲ့မှ သွားရောက်ရှာဖွေရာ သောက်လက်စ Beer တစ်ဗူး၊ အသစ်တစ်ဗူး၊ သောက်ပြီးသား Beer ဗူးခွံတွေနဲ့ အတူ မူးရူးနေတဲ့ အုတ်တွင်းမြို့နယ် သာဂရ(တောင်)ကျောင်းမှ ကျောင်းထိုင်ရဟန်းကို လူဝတ်လဲစေပြီး သက်သေခံ အရက်၊ Beer ဗူးတွေနဲ့အတူ ကိုင်းခုတ်ဓားပါ အပါအဝင် ရဲတပ်ဖွဲ့လက်ကို အပ်နှံကာ အဆိုပါကျောင်းထိုင် အုပ်ချုပ်နေတဲ့ ကျောင်းတိုက်ကို သက်ဆိုင်ရာ ရပ်/ကျေး သံဃနာယက အဖွဲ့ထံ အပ်နှံပေးခဲ့ကြောင်းလည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း သံဃာအတုအယောင်တစ်ပါး အုတ်တွင်းမြို့မဈေးထဲ အလှူခံနေတာကို တာဝန်သိပြည်သူက အုတ်တွင်းသာ/ထိန်းထံ ဓာတ်ပုံနဲ့တကွ သတင်းပေးပို့လာတဲ့အတွက် ဈေးကျောင်းတိုက်ဆရာတော်ကပဲ အဆိုပါ သင်္ကန်းဝတ်ကို ဈေးကျောင်းဆီ ပင့်ဖိတ်မေးမြန်းရာ အတုအယောင်ဖြစ်ကြောင်း ပေါ်ပေါက်တာကြောင့် လူဝတ်လဲ ရဲလက်အပ်ခဲ့ရတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။









