၁၇.၅.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ BHIS ကုမ္ပဏီလီမိတက်ရဲ့ အထည်ချုပ်စက်ရုံအလုပ်သမားတွေက မေလ ၁၇ ရက်မှာ ဒက်ကာ-မိုင်မန်ဆင်း အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ပြီး ဧပြီလအတွက် သူတို့ရဲ့လစာတွေမရသေးတာကို နှစ်နာရီကြာ တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။ ဆန္ဒပြမှုကြောင့် အဝေးပြေးလမ်းမကြီးလည်း လုံးဝယာဉ်အသွားအလာ ရပ်တန့်သွားခဲ့ရတယ်လို့ သိရပါတယ်။
မေလ ၁၇ ရက် နံနက် ၉း၁၅ နာရီလောက်ကနေ နံနက် ၁၁း၁၅ နာရီအထိ အလုပ်သမားတွေကလည်း ဆန္ဒပြမှုကို ပြုလုပ်ခဲ့ကြတာပါ။ ဆန္ဒပြပွဲမှာပါတဲ့ အလုပ်သမားတွေထဲက အရေအတွက်အားဖြင့် တစ်ရာကျော်ရှိတဲ့ အလုပ်သမားတွေကတော့ တုန်ဂီ ဟော့စိန် ဈေးကွက်နယ်မြေထဲမှာလည်း လှည့်လည်သရုပ်ပြမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
အနောက်တုန်ဂီ ရဲစခန်းမှူး ဟာဘစ် အစ်စကန်ဒါက ဆန္ဒပြအလုပ်သမားတွေဟာ နံနက် ၉း၁၅ နာရီကစလို့ အဝေးပြေးလမ်းမကြီးရဲ့ နှစ်ဖက်စလုံးက လာနေတဲ့ကားတွေကို ရပ်တန့်ပြီး ဆန္ဒပြခဲ့ကြတာလို့ ပြောခဲ့ပါတယ်။
ရဲတပ်ဖွဲ့က တုန်ဂီမြို့၊ ဒတ်တာပါရာနယ်မြေမှာရှိတဲ့ BHIS ကုမ္ပဏီလီမိတက်ရဲ့ အလုပ်သမား ၁,၃၀၀ ခန့်ဟာ ဒက်ကာ-မိုင်မန်ဆင်း အဝေးပြေးလမ်းမကြီးရဲ့ အသွားအပြန် ယာဉ်ကြောနှစ်ဘက်စလုံးကို တုန်ဂီ ဟော့စိန်ဈေးကွက်နားမှာ ပိတ်ဆို့ပြီး မရရှိသေးတဲ့ ဧပြီလ လစာအတွက် ဆန္ဒပြခဲ့ကြတာလို့ ကြေညာခဲ့ပါတယ်။
ရဲတပ်ဖွဲ့အရာရှိတွေက နောက်ဆုံးမှာဆန္ဒပြအလုပ်သမားတွေကို လစာမရသေးတဲ့ကိစ္စအတွက် သူတို့ ဖြေရှင်းပေးမှာဖြစ်ပြီး လမ်းမကြီးပြန်ဖွင့်ပေးရန်ဖျောင်းဖျပြောဆိုကာ ဆန္ဒပြပွဲအဆုံးသတ်အောင်ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။
BHIS ကုမ္ပဏီလီမိတက်ရဲ့ အထည်ချုပ်စက်ရုံ စီမံခန့်ခွဲရေးကိုယ်စားလှယ်တစ်ဦးဦးကို ဆက်သွယ်ရန် ရဲတပ်ဖွဲ့က ကြိုးစားနေသော်လည်းမအောင်မြင်သေးဘူးလို့ ဆိုပါတယ်။ လမ်းပိတ်ဆို့မှုပွင့်သွားပေမယ့် ဆန္ဒပြအလုပ်သမားတွေကတော့ အနီးအနားမှာ ရှိနေကြဆဲလို့ သိရပါတယ်။
Ref-Dhaka Tribune
