
၁၇. ၅. ၂၀၂၅
Translated by Thettant
ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဆူမီဒေသတွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီးအား ရုရှားက ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူကိုးဦး သေဆုံးပြီး အခြား ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း အရာရှိများက စနေနေ့တွင် ပြောကြားခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုသည် စစ်ဖြစ်ပွားနေသော နှစ်နိုင်ငံ သုံးနှစ်အတွင်း ပထမဆုံး တိုက်ရိုက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကျင်းပအပြီး နာရီပိုင်းအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
နှစ်ဖက်စလုံးသည် နိုင်ငံခေါင်းဆောင်နှစ်ဦး တွေ့ဆုံနိုင်ရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် အကျဉ်းသား လဲလှယ်ရေးတို့အတွက် ဆွေးနွေးခဲ့ကြသော်လည်း အဓိကရလဒ်များ တိုးတက်မှု မရှိခဲ့ဘဲ အကျဉ်းသားလဲလှယ်ရေးသာ အတည်ဖြစ်ခဲ့သလို ထိုအချိန်မှစ၍ ရုရှား၏ လေကြောင်း တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။
ဒရုန်းတိုက်ခိုက်မှုသည် စနေနေ့ နံနက်ပိုင်းတွင် ဆူမီဒေသရှိ ဘီလိုပီလီယာမြို့၌ ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့ပြီး လူ ၉ ဦးသေဆုံးမှုအပြင် ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပြီး သုံးဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဆူမီစစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး အိုလက်ဂ် ဟရီဂိုရော့ဗ်က ပြောကြားခဲ့သည်။
“ဒါဟာ သာမန် လက်နက်ကြီးနဲ့ ပစ်ခတ်မှုတစ်ခု မဟုတ်ပါဘူး။ ဒါဟာ ရက်စက်တဲ့ စစ်ရာဇဝတ်မှုတစ်ခုပါ” ဟု ယူကရိန်း အမျိုးသားရဲတပ်ဖွဲ့က တယ်လီဂရမ်တွင်လည်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ရုရှားသည် အရပ်သားပစ်မှတ်ကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ သို့သော် မော်စကိုသည် အရပ်သားတင်ယာဉ်ကို တိုက်ခိုက်ခဲ့သည်ဟု ယူကရိန်း၏ စွပ်စွဲချက်များအပေါ် ယခုအချိန်အထိ တုံ့ပြန်ခြင်း မရှိသေးပေ။
သို့သော်လည်း ရုရှားနိုင်ငံပိုင် သတင်းဌာန TASS က ထိုအချိန်ဝန်းကျင်တွင်ပင် ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ရုရှားတပ်ဖွဲ့များသည် ဆူမီဒေသရှိ ယူကရိန်း စစ်ဘက်ဆိုင်ရာပစ္စည်းများ စုပုံထားသောနေရာကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ရုရှားနှင့် ယူကရိန်းတို့သည် တစ်ဖက်နှင့်တစ်ဖက် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်သည်ဟု စွပ်စွဲခဲ့ကြပြီး နှစ်ဖက်စလုံးက ငြင်းဆိုထားသည်။
ယူကရိန်း အမျိုးသားရဲတပ်ဖွဲ့မှ မျှဝေထားသော ပုံတွင် ခရီးသည်ထိုင်ခုံများ၏ ညာဘက်နှင့် အပေါ်ဘက်တွင် အပေါက်ကြီးများဖြင့် ပျက်စီးနေသော ဗန်ကားတစ်စီးကို တွေ့ရသည်။ ၎င်း၏ ပြတင်းပေါက်များနှင့် ရှေ့လေကာမှန်များလည်း ကွဲကြေနေသည်။ ယူကရိန်းနိုင်ငံတွင် ယေဘုယျအားဖြင့် ရုရှား၏ တိုက်ခိုက်မှုများကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်း အနည်းဆုံး လူ ၁၃ ဦး သေဆုံးပြီး ၃၈ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတွင် ဆူမီဒေသရှိ တိုက်ခိုက်မှုလည်း ပါဝင်ကြောင်း ယူကရိန်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အခြားသော သေဆုံးမှုအဖြစ် ဒိုးနက်စ်ဒေသတွင် နှစ်ဦး၊ ခါကဗ်နှင့် ခါဆွန်ဒေသတို့တွင် တစ်ဦးစီ သေဆုံးခဲ့သည်။

ပြီးခဲ့သည့် သောကြာနေ့က ဆွေးနွေးပွဲသည် စစ်ပွဲ၏ အစောပိုင်းကာလများနောက်ပိုင်း နှစ်ဖက်စလုံး၏ ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံမှုဖြစ်သည်။ သို့သော် တူရကီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော အစ္စတန်ဘူလ်မြို့၌ ပြုလုပ်ခဲ့သည့် အဆိုပါ အစည်းအဝေးသို့ ဆွေးနွေးပွဲကို ဦးစွာ အဆိုပြုခဲ့သူ ရုရှားသမ္မတ ဗလာဒီမာ ပူတင် တက်ရောက်ခဲ့ခြင်း မရှိဘဲ ၎င်း၏ လက်အောက်ငယ်သား ကိုယ်စားလှယ်အဖွဲ့ကိုသာ စေလွှတ်ခဲ့သည်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးသည်လည်း ပူတင်မှလွဲ၍ အခြား ရုရှားအရာရှိတစ်ဦးနှင့်မျှ တွေ့ဆုံမည်မဟုတ်ဟု ပြောကြားထားသောကြောင့် တက်ရောက်ခဲ့ခြင်း မရှိပေ။ ဆွေးနွေးပွဲအတွင်း ရုရှားသည် ကိယက်ဗ်၏ ထိန်းချုပ်မှုအောက်တွင်ရှိသော မြေများကို ယူကရိန်းမှ လွှဲပြောင်းပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း၊ သောကြာနေ့က ဆွေးနွေးပွဲများနှင့် ရင်းနှီးသော သတင်းရင်းမြစ်တစ်ဦးက CNN သို့ ပြောကြားခဲ့ပြီး ယင်းသည် ယူကရိန်းက အချိန်အတော်ကြာ ငြင်းပယ်ထားသော ရပ်တည်ချက်ဖြစ်သည်။ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် ပိုလန်နိုင်ငံတို့၏ ခေါင်းဆောင်များသည် ဆွေးနွေးပွဲအတွင်း ရုရှား၏ တောင်းဆိုမှုများကို “လက်ခံနိုင်ဖွယ်မရှိ” ဟု ခေါ်ဆိုခဲ့သည်။
စနေနေ့တွင်မူ ကရင်မလင်နန်းတော်က ဇယ်လင်စကီးနှင့် ပူတင်တို့ တွေ့ဆုံနိုင်ကြောင်း၊ သို့သော် အချို့သော အခြေအနေများ ပြည့်မီမှသာ ဖြစ်နိုင်ကြောင်း ထုတ်ပြန်ပြောကြားခဲ့ပြီး “နှစ်ဖက်စလုံးမှ ကိုယ်စားလှယ်အဖွဲ့များ၏ လုပ်ဆောင်မှုများမှတစ်ဆင့် အချို့သော သဘောတူညီချက်များ ရရှိပါက ထိုသို့သော တွေ့ဆုံမှု ဖြစ်နိုင်သည်” ဟု ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။
Ref , CNN
