



MT News
၁၄. ၅. ၂၀၂၅
စစ်ကိုင်းတောင်ရိုးတွင် မန္တလေး ငလျင်ကြီး၏ ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော မရှိခဏ(ခ) မဟိယင်္ဂဏ စေတီတော်ကြီးအတွက် လေးကျွန်းသူဖောင်ဒေးရှင်းက ကျပ်သိန်း ၅၀၀၀ မ,တည်လှူဒါန်းခဲ့ကြောင်း သိရသည်။
လေးကျွန်းသူဖောင်ဒေးရှင်းအသင်းကြီးသည် သီတဂူအဓိပတိဆရာတော်ကြီးမှဦးစီး၍တည်မည်ဖြစ်သောသိန်းပေါင်းတစ်သောင်းကျော်ခန့်ကုန်ကျမည်ဖြစ်သည့်စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုးတွင်တည်ထားကိုးကွယ်မည့် မဟိယင်္ဂဏ အမည်ရှိသောစေတီတော်ကြီးအတွက် မ,တည်ငွေ ကျပ်သိန်း ၅၀၀၀ ကို ကဆုန်လပြည့်ကျော် ၁ ရက်နေ့က သီတဂူအဓိပတိဆရာတော်ဘုရားကြီးထံ လှူဒါန်းခဲ့ခြင်းဖြစ်သည်။




အဆိုပါ အလှူတော်ကို လေးကျွန်းသူဖောင်ဒေးရှင်းနှင့် အသင်းသူ လေးကျွန်းသူညီအစ်မများ၏ ထည့်ဝင်ငွေဖြင့် လှူဒါန်းခဲဲ့ခြင်းဖြစ်ကြောင်းလည်း လေးကျွန်းသူဖောင်ဒေးရှင်းက ဖော်ပြထားသည်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ဘုရားစေတီ ၅၂၀၀ ကျော် ပျက်စီးခဲ့ရသည့်အပြင် လူနေအိမ် ၅၀၀၀၀ ခန့်၊ စာသင်ကျောင်း ၂၀၀၀ ကျော်၊ ဌာနဆိုင်ရာရုံးအဆောက်အဦ ၂၂၀၀ ခန့်အပြင် တံတား ၁၄၈ စင်း ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
ပုံစာ။ ငလျင်ဒဏ်ကြောင့် ပြိုကျသွားသော မရှိခဏစေတီတော်၊ ပြည်လည်တည်ထားမည့်ပုံရိပ်နှင့် လေးကျွန်းသူဖောင်ဒေးရှင်းမှ သီတဂူဆရာတော်ဘုရားကြီးထံ မ,တည်ငွေ လှူဒါန်းနေမှု မြင်ကွင်း။