
◾ ကျောက်ဖြူကိုဝင်တိုက်ရန် နေရာယူထားသည့် လိပ်ခမော်ရွာဟောင်းအနီးစခန်းချနေသည့် AA အဖွဲ့လည်း ဗုံးဖြင့် သမခံရ၍ သေဆုံးဒဏ်ရာရသူ ဆယ်ဂဏန်းကျော် ရှိဟု ဆို
၁၄.၅.၂၀၂၅
Written By Zun
စစ်တွေကို တိုက်ပွဲဖော်ဆောင်ရန် အဖွဲ့ဝင်စုထားသည့် AA ထိန်းချုပ်ရာ ရသေ့တောင် ဗုံးကြဲခံရပြီး ကျောက်ဖြူကို ဝင်တိုက်ရန် နေရာယူထားသည့် လိပ်ခမော်ရွာဟောင်းအနီး စခန်းချနေသည့် AA အဖွဲ့လည်း ဗုံးဖြင့် သမခံရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ မေလ ၁၃ ရက်၊ နံနက် ၄ နာရီအချိန်ခန့်က ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာဟောင်းရှိ AA က သိမ်းပိုက်၍ စခန်းပြုလုပ်ထားသည့် ဘုန်းကြီးကျောင်းနှင့် နံနက် ၁၀ နာရီခန့်တွင် စစ်တွေကို ထိုးစစ်ပြုလုပ်ရန် လူစုဆောင်းစခန်းချထားသည့် ရသေ့တောင်မြို့နယ် ထွန်းရဝေရွာဟောင်းကျေးရွာတို့ ဗုံးကြဲခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းတွင် လူ ၁၃ ဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရခဲ့ကာ နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း AA အဖွဲ့ပြောရေးဆိုခွင့် ဦးခိုင်သူခ ပြောပြချက်ကို ကိုးကား၍ AA ထောက်ခံ မီဒီယာများက ဖော်ပြလျက်ရှိသည်။
“ဗုံးကြဲတယ်ဆိုတာက ရသေ့တောင်မှာ AA က လူစုပြီးစခန်းချထားတဲ့ ရွာကို ကြဲတာလေ။ AA ရှိနေရင် ကြဲခံရမယ်။ ကြဲရင် ဒေသခံတွေကိုလည်း ထိခိုက်နိုင်တာပဲ။ အခု ထိခိုက်သေဆုံးဒဏ်ရာရတယ်ဆိုတဲ့ သူတွေက AA ထောက်ပို့တွေ။ AA အားပေးတဲ့သူတွေပဲလေ။ ဒါက အထွေအထူးပြောဖို့ မလိုဘူး”ဟု ရခိုင်ပြည်နယ် စစ်တွေမြို့၌ နေထိုင်သည့် အရပ်သားတစ်ဦးက MT News ကို ပြောသည်။
“AA က ကျောက်ဖြူနဲ့ စစ်တွေကို တိုက်ဖို့လုပ်နေတာ အားလုံးသိပါတယ်။ ကျောက်ဖြူမှာ ကျောက်တစ်လုံး ဂိတ်ဆိုတာ ရှိတယ်။ တပ်ဖက်က ဂိတ်။ AA က အဲဒီဂိတ်နဲ့ မဝေးတဲ့ နေရာထိ နေရာယူပြီး တပ်ဖက်ကို တိုက်နေတာပါ။ ဒါကြောင့် တပ်ဖက်က ဗုံးကြဲလို့ အရပ်သားတွေ သေတယ်လို့တော့ စွပ်စွဲတာမျိုး မလုပ်သင့်ပါဘူး။ AA က စတင်ပြီး တပ်ဖက်ကို ထိုးစစ်လုပ်နေတာကို တပ်ဖက်က ထိုင်ကြည့်နေမှာ မဟုတ်ပါဘူး။ AA က အဲလိုတိုက်ဖို့ အတွက် အင်အားတွေကို သူတို့ အခု စိုးမိုးထားတဲ့မြို့တွေ ရွာတွေမှာ စစ်သားစုဆောင်းပြီးသင်တန်းပေးတာတွေ လုပ်နေတာလည်း လူတိုင်းသိတယ်။ တချို့တွေက ပွဲစားနဲ့ချိတ်ဆက်ပြီး ရန်ကုန်ကို ပြေးနေကြရတာလည်း လူတိုင်းသိတယ်။ AA အဖွဲ့ဝင်တွေကိုယ်တိုင်က လူပွဲစားလုပ်နေတာ။ ရခိုင်ကနေ တခြားတစ်နေရာရာကို သွားမယ့်သူတိုင်းကို ပိုက်ဆံယူပြီးပို့နေတာ။ အခုရသေ့တောင်မှာ လေကြောင်းက ဘာကြောင့်ဗုံးကြဲသလဲဆိုတာလည်း လူတိုင်း သိကြပါတယ်။ AA ရှိနေတဲ့ အရပ် မငြိမ်းချမ်းပါဘူး။ တပ်မတော်နဲ့ AA က တိုက်ပွဲဖြစ်နေတာကြောင့် AA က ထိန်းချုပ်ထားတဲ့ နေရာဒေသတိုင်းဟာ မငြိမ်းချမ်းနိုင်ပါဘူး။ ဘယ်တော့မှ မငြိမ်းချမ်းနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ရခိုင်တွေ AA ရှိတဲ့ နေရာကနေ ထွက်ခွာနေကြပါပြီ။ ကျန်တဲ့သူတွေကို ပြောချင်တာက ထွက်ကြပါ။ AA နဲ့ နီးတဲ့နေရာမှာ မနေကြပါနဲ့တော့”ဟု ရခိုင်ပြည်နယ်ငြိမ်းချမ်းရေး လှုပ်ရှားရာတွင် ပါဝင်သူတစ်ဦးက MT News ကို ပြောသည်။

