
၁၄. ၅. ၂၀၂၅
Written by Nyein Kyaw
လက်ရှိအချိန်အထိ မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်တို့တွင် ငလျင်ကြောင့်ထိခိုက်ခဲ့သည့် အဆောက်အအုံပေါင်း ၂၀,၀၀၀ ခန့်ကို စစ်ဆေးခဲ့ရာ ပြန်လည်အသုံးပြုနိုင်သည့် အဆောက်အအုံ ၇၅ ရာခိုင်နှုန်းရှိပြီး အကြီးစားပြုပြင်ရန်လိုအပ်သည့် အဆောက်အအုံ ၁၀ ရာခိုင်နှုန်းသာရှိကြောင်း ယမန်နေ့တွင် မြန်မာနိုင်ငံငလျင်ကော်မတီမှ ထုတ်ပြန်သည့် အင်အားပြင်းငလျင်နှင့် ပတ်သက်သော အသိပေးထုတ်ပြန်ချက် အမှတ်စဉ် (၅) ၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံငလျင်ကော်မတီအနေဖြင့် ငလျင်ဒဏ်ခံ အဆောက်အအုံများကို စစ်ဆေးနိုင်ရန်အတွက် လုပ်အားပေးလိုသည့် အင်ဂျင်နီယာများအား ဖိတ်ခေါ်ကာ Earthquake Clinic များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်း စသည့်မြို့ကြီးများတွင် ဧပြီလ ၉ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။
လက်ရှိအချိန်အထိ Earthquake Clinic ၏ လုပ်အားပေးအင်ဂျင်နီယာများမှ စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်မြို့များတွင် စစ်ဆေးခဲ့သည့် ငလျင်ဒဏ်သင့်အဆောက်အအုံစုစုပေါင်း ၂၀,၀၀၀ ခန့် ကောက်ခံပြီးဖြစ်သည်။
စစ်ဆေးချက်များအရ ပြန်လည်အသုံးပြုနိုင်သည့် အဆောက်အအုံ စုစုပေါင်း ၁၄,၆၀၄လုံး (၇၅ ရာခိုင်နှုန်း) ၊ အသေးစိတ်စစ်ဆေးရန်လိုအပ်သည့် အဆောက်အအုံ စုစုပေါင်း ၃,၀၀၀ လုံး (၁၅ ရာခိုင်နှုန်း) နှင့် အကြီးစားပြန်လည်ပြင်ဆင်ရန်နှင့် ငလျင်အားဖြည့်မွန်းမံရန်လိုအပ်သည့် အဆောက်အအုံ စုစုပေါင်း ၁,၉၅၄ (၁၀ ရာခိုင်နှုန်း) လုံးခန့်ရှိသည်။
ငလျင်ကြောင့် ပြိုကျပျက်စီးအဆောက်အဦများ ပြန်နေထိုင်ရန် သင့်မသင့်စစ်ဆေးခဲ့ရာ မန္တလေးနှင့် စစ်ကိုင်းတွင် နေထိုင်ရန်သင့် (အစိမ်းရောင်အဆင့်) အဆောက်အဦများပြီး နေပြည်တော်တွင် နေထိုင်ရန်မသင့် (အနီရောင်အဆင့်)များသည်ကို တွေ့ရကြောင်း ငလျင်ဘေးဒဏ်သင့်လျော့ပါးရေး ပူးပေါင်းပါဝင်ဆွေးနွေးပေး” ဟောပြောပွဲတွင် မြန်မာနိုင်ငံငလျင်ကော်မတီ၊ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောသည်။
ငလျင်ကြောင့် မန္တလေးတွင် RC အမျိုးအစား ၇ ထပ်နှင့်အထက် အဆောက်အဦများ၊ ယခင် အဆောက်အဦအဟောင်းများ ထိခိုက်မှုပိုများခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ရှေးဟောင်းအဆောက်အဦများနှင့် ရှေးဟောင်း ဘုရားပုထိုးစေတီများ ထိခိုက်ပျက်စီးမှုများခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲမှ သိရသည်။





