၁၄. ၅. ၂၀၂၅
Written by Nay Moe
အလယ်ကုန်းကျေးရွာ၊ နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်ကို ယမန်နေ့က သတ်ဖြတ်လိုက်ကြောင်း ကျူးလွန်သည့် NUG ဩဇာခံ အုတ်ဖို PDF အဖွဲ့ဖြစ်သော သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ယနေ့နံနက်တွင် ဝန်ခံလိုက်သည်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ မြို့တွင်းအုပ်စု၊ အလယ်ကုန်းကျေးရွာ နယ်မြေရဲစခန်းမှ နယ်ထိန်း မာန်ဟိန်းအား မေလ ၁၃ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ကြို့ပင်ကောက်မြို့ဘက်သို့ အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးလာစဥ် အလယ်ကုန်းကျေးရွာ အနောက်ဘက် လမ်းမပေါ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ PDF များက စောင့်ကြိုတိုက်ခိုက်စဥ် အနီးအနားရှိ နေအိမ်ထဲကို ဝင်ပြေးခဲ့သည်ဟု ဆိုသည်။
ထိုသို့ဝင်ပြေးသည့် နယ်ထိန်း မာန်ဟိန်းအား အုတ်ဖို PDF များက နေအိမ်အတွင်းဝင်ရောက်ကာ ဦးခေါင်းတည့်တည့်ကို သေနတ်ကျည် ၁ ချက် ပစ်ခတ်သတ်ဖြတ်လိုက်ကြပြီး G3 ကျည်တောင့် ၂၀၊ စကားပြောစက် ၁ လုံး၊ ဆိုင်ကယ် ၁ စီးနှင့် ငွေသား ၆၀၀ ကျပ် လုယက်သိမ်းဆည်းရရှိခဲ့သည်ဟုလည်း ပြောသည်။
နယ်ထိန်းမာန်ဟိန်းသည် ပြည်သူများ၏ ဆိုင်ကယ်များအား ဖမ်းဆီးခြင်း၊ ဆိုင်ကယ်စီးလာသည့် ပြည်သူ၂ ဦးအား ရပ်မပေး၍ဆိုကာ အခြားတာဝန်ကျသူများနှင့်အတူ ပစ်သတ်ခြင်း၊ လူငယ်များအား အတင်းအကြပ် ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ တက်ကြွလှုပ်ရှားသူများနှင့် PDF များ၏ အချက်အလက်များအား စုံစမ်းထောက်လှမ်းခြင်း၊ ပြည်သူများထံမှ အကြောင်းအမျိုးမျိုးပြ၍ ခြိမ်းခြောက်ငွေတောင်းခြင်းများ လုပ်ဆောင်နေသောကြောင့် ယခုလို အရေးယူရခြင်းဖြစ်သည်ဟု ကျူးလွန်သည့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုအဖွဲ့က ဆင်ခြေပေးသော်လည်း အဆိုပါ စွပ်စွဲချက်များ မှန် မမှန် MT News က မြေပြင်အတည်မပြုနိုင်သလို ကျူးလွန်သည့် PDF များကလည်း သက်သေမပြနိုင်ချေ။
ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူအများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။ နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ်အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။




