◾ ဘင်္ဂလားဒေ့ရှ်ကတစ်ဆင့် မြန်မာနိုင်ငံပို့ဖို့သယ်လာတဲ့ အမေရိကန်ကုန်တင်လေယာဥ်မှာ လက်နက်တွေပါလာမလား

၁၁. ၅.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံကြားမှာ တင်းမာမှုတွေ ပြင်းထန်လာနေတဲ့ကြားကပဲ အဓိကဖြစ်ရပ်သစ် တစ်ခုအနေနဲ့ အမေရိကန်လေတပ်က အရာရှိအဖွဲ့တစ်ဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒက်ကာကို ရောက်ရှိလာခဲ့ကြပါတယ်။ သူတို့ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ ကုန်တင်လေယာဉ် အကြီးစားကြီး တစ်စီးရောက်မလာခင်မှာကြိုတင်စီစဉ်ထားမှုတွေကို စစ်ဆေးဖိုပဲလို့ဆိုပါတယ်။သတင်းတွေအရတော့ အဖွဲ့ဝင်လေးဦးပါတဲ့ သူတို့အဖွဲ့က ဒက်ကာမြို့၊ ရှာဂျာလာ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကာတာ လေကြောင်းလိုင်းခရီးစဉ်နဲ့ မေလ ၈ ရက်မှာ ရောက်လာခဲ့ကြတာလို့ သိရပါတယ်။ အခိုင်အမာဆိုနေကြတာတစ်ခုကတော့ အဲဒီ အရာရှိတွေဟာ အမေရိကန်ရဲ့ ကာကွယ်ရေးဆိုင်ရာထောက်လှမ်းရေးအေဂျင်စီ(DIA) နဲ့ ဆက်စပ်နေတယ်ဆိုကြတာပါပဲ။
ကုန်တင်လေယာဉ်ကြီး ဒက်ကာမြို့ကိုရောက်လာမယ်ဆိုတာကလည်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုဖြတ်ပြီး မြန်မာနိုင်ငံထဲကို ပစ္စည်းတွေပို့ဆောင်ဖို့ ရည်ရွယ်တာလို့ ဆိုကြပါတယ်။ ဒီကုန်ပစ္စည်းတွေမှာ အန္တရာယ်ရှိတဲ့ လက်နက်တွေပါဝင်လာလေမလား သံသယဖြစ်စရာတွေကလည်း ရှိနေပါတယ်။ မကြာခင်ကသတင်းတွေမှာ အမေရိကန်က မြန်မာနိုင်ငံအတွင်းက သူပုန်အုပ်စုတွေကို ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ပြီး စစ်ရေးအထောက်အပံ့တွေပို့ပေးနေတယ်လို့လည်း သတင်းသဲလွန်စတွေပေါ်လာတာတွေ့ ရပြန်ပါတယ်။
ဒက်ကာကိုရောက်လာတဲ့ အမေရိကန်လေတပ်အရာရှိတွေမှာ ထောက်ပံ့ပို့ဆောင်ရေးညွှန်ကြားရေးမှူး ဖြစ်တဲ့ Tara Lynn Alexandria Strider, DFS အုပ်စုလီမိတက်က ထုတ်လုပ်မှုအရောင်းမန်နေဂျာဖြစ်တဲ့ David Thomas Riefenber, ထောက်ပံ့ပို့ဆောင်ရေးနဲ့ယာဉ်အုပ်စုစီမံခန့်ခွဲမှု အဆင့်မြင့် ညွှန်ကြားရေးမှူးဖြစ်တဲ့ Michael Cody Thacker , နဲ့ တပ်ကြပ်ကြီးဝန်ထမ်း Martin Lucas Vanoorsdall တို့ပါဝင်ကြပြီး သူတို့အားလုံးက ဒက်ကာမြို့၊ ဂူလ်ရှန်နယ်မြေက Westin Hotel မှာ တည်းခိုနေကြတယ်လို့လည်း သိရပါတယ်။
◾ AL Udeid လေတပ်စခန်းနဲ့ ချိတ်ဆက်မှု
ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့ အရင်းအမြစ်တွေက ဒက်ကာမြို့မှာရောက်ရှိနေတဲ့ အမေရိကန်လေတပ် အရာရှိတွေကို AL Udeid လေတပ်စခန်းနဲ့ ဆက်သွယ်ချိတ်ဆက်ပေးခဲ့တယ်ဆိုတာ အကြောင်းကြားခဲ့ကြပါတယ်။ အဲဒီလေတပ်စခန်းက ကာတာနိုင်ငံမြို့တော် ဒိုဟာကနေ ၆၅ ကီလိုမီတာအကွာမှာရှိတာပါ။ AL Udeid လေတပ်စခန်းကို အဘူနတ်ခ်လာလေဆိပ်လို့လည်း သိကြပါတယ်။ စစ်ဘက်ဆိုင်ရာပစ္စည်း အမျိုးမျိုးနဲ့ မဟာမိတ် ညွန့်ပေါင်းတပ်ဖွဲ့တွေ တည်ရှိတဲ့စခန်းလည်းဖြစ်ပါတယ်။ အီရတ်မှာရှိတဲ့ အမေရိ ကန်စစ်ဆင်ရေးတွေအတွက် ဌာနချုပ်နဲ့ထောက်ပံ့ပို့ဆောင်ရေးအခြေစိုက်စခန်းအနေနဲ့ ဆောင်ရွက်နေတဲ့စခန်းလည်း ဖြစ်ပါတယ်။ ပင်လယ်ကွေ့ဒေသမှာတော့ ပြေးလမ်းအရှည်ဆုံး လေတပ်အခြေစိုက်စခန်းလည်း ဖြစ်ပါတယ်။
AL Udeid လေတပ်စခန်းမှာတော့ အမေရိကန်လေတပ်ရဲ့ 379th Air Expedetionary Wing တပ်ဖွဲ့ အခြေစိုက်တည်ရှိပါတယ်။ အမေရိကန် အလယ်ပိုင်းစစ်တိုင်းဌာနချုပ်နဲ့ တော်ဝင်လေတပ်ရဲ့ အမှတ် ၈၃ အုပ်စုတို့လည်း တည်ရှိပါတယ်။ 379th Air Expedetionary Wing တပ်ဖွဲ့ က လေကြောင်းတိုက်ခိုက်ရေးစွမ်းအားအပြင် လေကြောင်းဖြင့် ကုသမှုပြုမယ့်လူနာတွေကို ပို့ဆောင်မှုနဲ့ဒေသအများအပြားမှာ ထောက်လှမ်းရေးသတင်း ထောက်ပံ့နိုင်မှုတို့လို မရှိမဖြစ်တဲ့လုပ်ငန်းတွေပံ့ပိုးရာမှာ အဓိကကျတဲ့ကဏ္ဍမှာတည်ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝိတ်ကာ အတ်ဇ် အာမန်က မေလ ၃ ရက်မှာကာတာကို နှစ်ရက်ကြာခရီးသွားခဲ့ပါတယ်။ သူနဲ့အတူ စစ်လက်နက်ပစ္စည်းတပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဂူလမ် မို ဟစ်ဒင် အာမက် လည်း ပါပါတယ်။ သူတို့နှစ်ဦးစလုံးက ကာတာလေကြောင်းလိုင်း ပျံသန်းမှုခရီးစဉ် အမှတ် QA-639 နဲ့ ခရီးသွားခဲ့ကြတာပါ။ ဒီလိုအချက်တွေနဲ့အတူ အမေရိကန်ကုန်တင်လေယာဉ်ကြီး ဘင်္ဂလားဒေ့ရှ်ကိုရောက်လာမယ်ဆိုတဲ့သတင်းက ပြောကြားမှုအသံအမျိုးမျိုးကိုလည်း ထွက်ပေါ်လာစေပါတယ်။
ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့ အရင်းအမြစ်တွေအရ အမေရိကန်လေတပ်အရာရှိလေးဦးဟာ ကုန်တင် လေယာဉ်ကြီးက ကြီးမားတဲ့ကုန်သေတ္တာတွေတင်ဆောင်ပြီး ရှာဂျာလာ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်လာတဲ့အတိ ဒက်ကာမြို့မှာရှိနေကြမယ်ဆိုပါတယ်။ ဒီကုန်သေတ္တာတွေမှာလူသတ်လက်နက်တွေ ပါလာနိုင်ပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကိုဖြတ်ပြီး ကုန်းလမ်းကနေ မြန်မာနိုင်ငံထဲကိုပို့မှာပါ။ တကယ်လို့သာ အဆင့်မြင့်ခေတ်မီလက်နက်တွေသာဆိုရင် မြန်မာနိုင်ငံအတွင်းဖြစ်နေတဲ့ ပြည်တွင်းစစ်အခြေအနေကိုတောင် မကြာလှတဲ့အနာဂတ်မှာကို အပြောင်းအလဲတွေဖြစ်သွားစေနိုင်လောက်ပါတယ်။
အခြေအနေတွေအရတော့ ယူနွတ်စ် အစိုးရအနေနဲ့ အိမ်နီးချင်းမြန်မာနိုင်ငံနဲ့ဆက်ဆံရေးကို အလေးမထားဘဲ နှစ်နိုင်ငံနယ်စပ်မှာ အပြောင်းအလဲတွေဖြစ်လာနေချင်ပြီလား။ သံသယဖြစ်စရာပါ။
Ref- msn.com