
၃. ၅. ၂၀၂၃
Photo by Ye Kyaw
ယနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့က ကြီးမှူးပြီး ရွှေတိဂုံစေတီတော်မှာ (၄၂) ကြိမ်မြောက် ကဆုန်လပြည့် ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပခဲ့ပါတယ်။
အဆိုပါ ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကို ယနေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော် အင်္ဂါထောင့်မှာ ကျင်းပခဲ့ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဘုရားဖူးလာသူတွေအနေနဲ့ ရွှေတိဂုံစေတီ ရင်ပြင်တော်ရှိ ဗောဓိညောင်ပင်ရှိရာ ထောင့်အသီးသီးမှာ ညောင်ရေသွန်းလောင်း ပူဇော်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးထားပါတယ်။





ကဆုန်လပြည့် ဗုဒ္ဓနေ့ဖြစ်တဲ့ ယနေ့မှာတော့ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးလာရောက်သူတွေ၊ ညောင်ရေသွန်းလောင်းပူဇော်သူတွေနဲ့ စည်ကားနေတာကို တွေ့ရပါတယ်။
ကဆုန်လပြည့်နေ့ရဲ့ ထူးခြားချက်တွေကို “ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့” အဆိုအတိုင်း ဗုဒ္ဓမြတ်စွာဘုရား ဗျာဒီတ်တော်ခံယူတဲ့နေ့၊ ဖွားမြင်တဲ့နေ့၊ ဘုရားပွင့်တော်မူတဲ့နေ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့နေ့တွေဟာ ကဆုန်လပြည့်နေ့ဖြစ်ပါတယ်။






ဒါကြောင့် ဗုဒ္ဓမြတ်စွာဘုရားနဲ့ တိုက်ရိုက် ဆက်စပ်တဲ့ ကဆုန်လပြည့်နေ့မှာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းခြင်း အစဉ်အလာကို ခေတ်အဆက်ဆက်ကပင် ပြုလုပ်လာခဲ့ကြတာဖြစ်ပြီး မြန်မာ့ရိုးရာ (၁၂) ရာသီပွဲတော်တွေထဲမှာ ကဆုန်လပွဲတော်ကို ညောင်ရေသွန်းပွဲတော်အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။