◾ ခိုးဝင်သူ အုတ်နံရံကျော်တက်ရာက အိမ်ရှင်များမြင်သွား၍ ခွေးပြေး၀က်ပြေး ပြေးလွှားစဉ် အဖမ်းခံရဟု ဆို

၁၀.၅.၂၀၂၅
Written By Zun
ထိုင်းနိုင်ငံတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ကို တရားမဝင် မြန်မာနိုင်ငံသားတစ်ဦးက ပစ္စည်းဝင်ခိုးရန် အုတ်နံရံ ကျော်တက် ဝင်ရောက်ရာ အိမ်ရှင်များမြင်သွား၍ ခွေးပြေး၀က်ပြေး ပြေးလွှားစဉ် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းလည်း
ယနေ့ မေလ ၁၀ ရက် နံနက် ၇ နာရီခန့်အချိန်က ဖြစ်ပွားခဲ့သည်။
ဝင်ရောက်ခိုးယူခံရသော နေအိမ်မှ အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ နယ်မြေရဲစခန်းကို တိုင်ကြားခဲ့သောကြောင့် ရဲတပ်ဖွဲ့က အခင်း ဖြစ်ပွားခဲ့သည့်နေရာသို့ရောက်ရှိစစ်ဆေးကာ ကျေးရွာအတွင်း တပ်ဆင်ထားသည့် CCTV များကို ကြည့်၍ လိုက်လံ ဖမ်းဆီးခဲ့ရာ နံနက် ၈ နာရီမထိုးမီ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားမှာ အသက် ၅၀ ခန့်အရွယ် ဖြစ်ပြီး ယခုအခါ နာကြောင်ထီယန်ရဲစခန်း၌ထိန်းသိမ်းထားကာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှု၊ ခိုးမှု၊ ပိုင်နက်ကျူးလွန်မှုတို့ ဖြင့် အမှုဖွင့်၍ ဆက်လက် အရေးယူမည် ဖြစ်ကြောင်း သိရသည်။
