◾️ ရုရှား-မြန်မာနှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးနိုင်ခဲ့ကာ နိုင်ငံအတွက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုရလဒ်များ ထွက်ပေါ်အောင် ဆောင်ရွက်နိုင်ခဲ့




၁၀. ၅. ၂၀၂၅
Written by Nyein Kyaw
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက် ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့ ည ၉ နာရီဝန်းကျင်တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
ယနေ့ နံနက်ပိုင်းတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ပြီး ရုရှားနိုင်ငံ နိုဗာစီဗစ်မြို့၊ သာမာရှယ်ဗာလေဆိပ်၌ ခေတ္တရပ်နားခဲ့ရာ နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး Mr. Travnikov Ahdrey Aleksandrovich နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။
ထို့နောက် SAC ဥက္ကဋ္ဌ နှင့် နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူးတို့သည် လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးရာတွင် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ မြန်မာနိုင်ငံမှ SAC ဥက္ကဋ္ဌ ကိုယ်တိုင် တက်ရောက်ခဲ့သည့်အတွက် နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူးအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူရသည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှု၊ ထိခိုက်ဆုံးရှုံးခဲ့ရမှုများကို နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့လက်တွဲ၍ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အကောင်းဆုံးဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် နိုဗာစီဗစ်ဒေသတို့အကြား ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ တွေဆုံပွဲအပြီးတွင် SAC ဥက္ကဋ္ဌနှင့် နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူးတို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် SAC ဥက္ကဋ္ဌ ဇနီး၊ အဖွဲ့ဝင်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာရာ နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ က လိုက်လံပို့ ဆောင်နှုတ်ဆက်ခဲ့ကြသည်။
ယခု ခရီးစဉ်အတွင်း SAC ဥက္ကဋ္ဌနှင့်ဇနီး၊ အဖွဲ့ဝင်များသည် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ခြင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံအချင်းချင်း ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကာ နိုင်ငံတော်အတွက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုရလာဒ်များပေါ်ထွက်လာအောင် ဖော်ဆောင်နိုင်ခဲ့သည်။
SAC ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် သံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
