
၁၀. ၅. ၂၀၂၅
Written by Nay Moe
စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း ကာတာလိုးနီးယားဒေသတွင် စက်မှုဇုန်တစ်ခု၌ မီးလောင်မှုဖြစ်ပွားပြီး ကျယ်ပြန့်သောဒေသအပေါ် အဆိပ်အတောက်ဖြစ်စေသည့် ကလိုရင်းဓာတ်ငွေ့တိမ်တိုက်များ ဖုံးလွှမ်းသွားသောကြောင့် ယနေ့ မေလ ၁၀ ရက် စနေနေ့တွင် လူပေါင်း ၁၆၀,၀၀၀ ခန့်အား အိမ်တွင်း၌ နေထိုင်ရန် အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဘာစီလိုနာမြို့တောင်ဘက် ၄၈ ကီလိုမီတာ (မိုင် ၃၀) အကွာရှိ ဗီလာနိုဗာ အိုင် လာ ဂယ်ထရူးမြို့ စက်မှုဇုန်တွင် ရေကူးကန်သန့်ရှင်းရေးပစ္စည်းများထုတ်လုပ်သော ကုမ္ပဏီတစ်ခု၌ ယနေ့ နံနက် ၂ နာရီ ၂၀ မိနစ် (GMT ၀၀၂၀) တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ယင်းဒေသအပေါ် ကြီးမားသော ကလိုရင်းအခိုးအငွေ့များ ထွက်ပေါ်လာခဲ့သည်။
ဖြစ်စဉ်အပေါ် ဒေသန္တရ မီးသတ်ဌာနက ယနေ့နံနက်အစောပိုင်းတွင် ဖြစ်ပွားသော မီးလောင်မှုသည် လီသီယမ်ဘတ္ထရီပေါက်ကွဲမှုကြောင့် ဖြစ်နိုင်ကြောင်းနှင့် မီးတောက်များသည် အဆောက်အအုံကို လောင်ကျွမ်းစေခဲ့သည်ဟု ပြောကြားခဲ့သည်။

စပိန်အာဏာပိုင်များသည် အဆိပ်သင့်တိမ်တိုက် ဖုံးလွှမ်းခံ ပြည်သူများထံ မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် သတင်းစကား ပေးပို့ခဲ့ပြီး အဆိပ်အတောက်ရှိသော အခိုးအငွေ့များ ပျောက်ကွယ်သွားချိန်အထိ ၎င်းတို့၏ နေအိမ်များ သို့မဟုတ် လုပ်ငန်းခွင်များမှ မထွက်ခွာရန် တောင်းဆိုခဲ့သည်။
‘အကယ်၍ သင်သည် ထိခိုက်သောဇုန်တွင် ရှိနေပါက သင်၏နေအိမ် သို့မဟုတ် လုပ်ငန်းခွင်မှ မထွက်ပါနှင့်’ ဟု ပြည်သူ့ကာကွယ်ရေးဌာနက လူမှုမီဒီယာ X တွင် ပြောကြားခဲ့သည်။
မီးသတ်သမားများ မီးတောက်များကို ငြှိမ်းသတ်နေသောကြောင့် အသွားအလာကန့်သတ်မှုသည် မည်မျှကြာရှည်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အန္တရာယ်ကုန်ဆုံးသောအခါ ပြည်သူများ အပြင်ထွက်နိုင်ကြောင်း အသိပေးရန်အတွက် နောက်ထပ်သတင်းစကားတစ်ခု ပေးပို့မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။
အဆိပ်အတောက်ရှိသော တိမ်တိုက်သည် ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ အန္တရာယ်ရှိသောဒေသသည် ဗီလာနိုဗာ အိုင် လာ ဂယ်ထရူးမှ တာရာဂိုနာမြို့အနီးရှိ ကာလာဖဲလ်ကျေးရွာအထိ အနည်းဆုံး မြို့နယ်ငါးခုအထိ ကျယ်ပြန့်သွားသည်။
မီးသတ်ဌာနက X တွင် ‘ထိခိုက်ဒဏ်ရာရသူ မရှိ’ ဟု ပြောကြားခဲ့ပြီး အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ထားသော မီးငြှိမ်းသတ်ရေးအင်အားအများအပြားသည် မီးတောက်များကို ထိန်းချုပ်နိုင်ခဲ့သည်ဟု ထပ်လောင်းပြောကြားခဲ့သလို မီးကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဂျိုအန် ရာမွန် ကာဘယ်လိုက TVE ရုပ်သံလိုင်းသို့ ပြောကြားခဲ့သည်။
မီးလောင်မှုဖြစ်ရပ်အပေါ် စက်မှုဇုန်ပိုင်ရှင် ဂျော့ဂ်ျ ဗီနူးယဲလ် အလွန်ဆိုက ဒေသန္တရရေဒီယိုစခန်း Rac1 သို့ “ကလိုရင်းသည် မီးစွဲရန် အလွန်ခက်ခဲသော်လည်း မီးစွဲလာပါက ငြှိမ်းသတ်ရန် အလွန်ခက်ခဲသည်” ဟု ပြောကြားခဲ့သည်။
ယင်းဒေသကို ဖြတ်သန်းသွားမည့် ရထားများကို ရပ်ဆိုင်းထားပြီး လမ်းများကို ပိတ်ဆို့ကာ အခြားသော ပွဲလမ်းသဘင်များကိုလည်း ဖျက်သိမ်းခဲ့သည်။ ကလိုရင်းဓာတ်ငွေ့သည် အသက်ရှုလမ်းကြောင်း မျက်လုံးနှင့် အရေပြားကို ထိခိုက်စေနိုင်ကာ အနံ့ဆိုးရှိသော အဆိပ်သင့်ဓာတ်ငွေ့ဖြစ်ပြီး ရှုရှိုက်မိသည့် ပမာဏများပြားပါက လူသေဆုံးသည့်အထိ အန္တရာယ်ရှိသည်။
Ref , Metro & Reuters
