သက်တံ့
၁၃. ၇. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပရာဝက် (Prawet) ခရိုင်ရှိ နေအိမ်တစ်လုံးတွင် ယမန်နေ့ ညပိုင်းအချိန် ထိုင်းစစ်သားတစ်ဦးက ၎င်း၏ ဇနီးဟောင်းနှင့် ချစ်သူဖြစ်သူတို့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ လူတစ်ဦး သေဆုံးပြီး နောက်တစ်ဦး စိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် အဆိုပါစစ်သားသည် ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အရ တနင်္ဂနွေနေ့ (ဇူလိုင် ၁၂ ရက်)ညနေပိုင်းက ဒေါ့မိုင် (Dok Mai) ရပ်ကွက်၊ ဆွိုင်ချလွန်ပရာကီယက် ရာမ ၉၊ လမ်းသွယ် ၃၀၊ အပိုင်း ၂၈ (Soi Chalerm Prakiat Rama IX 30, Section 28) ရှိ နေအိမ်တစ်လုံးတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းပေးချက်အရ ဥဒွန်ဆွတ် (Udomsuk) ရဲစခန်းမှ ရဲအရာရှိများ သွားရောက်စစ်ဆေးခဲ့ကြသည်။

အခင်းဖြစ်ပွားရာနေရာရှိ နေအိမ်အပြင်ဘက်တွင် ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီးအတွင်း အသက် ၁၉ နှစ်အရွယ်လူငယ် ဖလင် (Film) ၏ ရုပ်အလောင်းကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။ စုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ ၎င်းတွင် ဦးခေါင်း သေနတ်မှန်ဒဏ်ရာတစ်ချက်နှင့် ရင်ဘတ်တွင် သေနတ်ဒဏ်ရာ အများအပြား ရရှိထားကြောင်း သိရသည်။
ဖလင်၏ ချစ်သူအမျိုးသမီး အသက် ၃၆ နှစ်အရွယ်တန် (Tarn) တွင်လည်း ရင်ဘတ်၊ ပုခုံးနှင့် ဝမ်းဗိုက်တို့၌ သေနတ်ဒဏ်ရာများ ရရှိထားသဖြင့် ၎င်းအား စိုးရိမ်ရလူနာအဖြစ် ဆေးရုံသို့ ပို့ဆောင်ထားရသည်။

ဖလင်၏ မိခင်ဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဝါရာပွန် (Waraporn) က ရဲတပ်ဖွဲ့နှင့် ထိုင်းရတ် (ThaiRath) သတင်းဌာနသို့ ပြောကြားရာတွင် ၎င်းတို့စုံတွဲသည် ညနေ ၆ နာရီဝန်းကျင်ခန့်က အနီးနားရှိ စက်ရုံတစ်ခုမှ အလုပ်ဆင်းပြီး နေအိမ်သို့ ပြန်ရောက်လာကြခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့နောက် ဖလင် ကားပါကင်ထိုးနေစဉ် တန်၏ ခင်ပွန်းဟောင်းဖြစ်သူ သေနတ်သမားက မာဇဒါ (Mazda) ဆီဒန် ကားအမည်းရောင်တစ်စီးဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ဖလင်သည် အဆိုပါအမျိုးသား ရောက်ရှိလာသည်ကို မြင်တွေ့ပြီးနောက် မိခင်ဖြစ်သူထံ ဖုန်းဆက်၍ မည်သို့လုပ်ဆောင်ရမည်ကို မေးမြန်းခဲ့ကြောင်း၊ မိခင်ဖြစ်သူက ဘေးကင်းစေရန်အတွက် ကားအတွင်း၌ပဲ နေရန် ပြောကြားခဲ့ကြောင်း ဝါရာပွန်က ဆိုသည်။
ထို့နောက် ခဏအကြာတွင် သေနတ်သံများကို ကြားရသဖြင့် ၎င်းက ကားအနီးသို့ သွားရောက်ကြည့်ရှုရာ သားဖြစ်သူ ဖလင် သေဆုံးနေပြီး တန်တွင် ပြင်းထန်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
အဆိုပါစုံတွဲ အလုပ်လုပ်ကိုင်သည့် စက်ရုံပိုင်ရှင်က သတင်းထောက်များအား ပြောကြားရာတွင် တန်နှင့် ခင်ပွန်းဟောင်းတို့သည် လွန်ခဲ့သော နှစ်နစ်က ကွာရှင်းခဲ့ကြခြင်းဖြစ်ကြောင်း၊ ကွာရှင်းပြီးနောက်ပိုင်း သံသယရှိသူက စက်ရုံသို့ လာရောက်ခြင်း သို့မဟုတ် တန် အား လိုက်လံနှောင့်ယှက်ခြင်းမျိုး တစ်ကြိမ်မျှ မတွေ့ခဲ့ဖူးကြောင်း ပြောသည်။
ထို့ပြင် ၎င်းတို့စုံတွဲ အတူရှိစဉ်က တရားခံနှင့် ဆုံတွေ့ဖူးပြီး ၎င်းထံတွင် ကြမ်းတမ်းသော ရုန်းရင်းဆန်ခတ် ပြုမူတတ်သည့် အပြုအမူမျိုး ယခင်က မတွေ့ရှိခဲ့ရကြောင်းလည်း အလုပ်ရှင်က ဖြည့်စွက်ပြောကြားသည်။
ရဲတပ်ဖွဲ့က တရားခံမှာ အသက် ၃၇ နှစ်အရွယ် အရာခံဗိုလ် နတ်သဖွန် ချန်ပရာဆတ် (Nattaphon Chanprasert) ဖြစ်ကြောင်း နောက်ပိုင်းတွင် အတည်ပြုနိုင်ခဲ့သည်။ ၎င်းသည် ရာ့တ်ချ်ဘူရီ (Ratchaburi) ပြည်နယ်၊ ဘန်ပွန် (Ban Pong) ရဲစခန်းတွင် လာရောက်အဖမ်းခံခဲ့ပြီး ပစ်ခတ်မှုအတွင်း အသုံးပြုခဲ့သည်ဟု ယူဆရသည့် ၉ မမ ဂလော့ခ် (Glock) ပစ္စတိုသေနတ်တစ်လက်ကို ရဲအရာရှိများထံ အပ်နှံခဲ့သည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ တရားခံသည် စစ်ဆေးမေးမြန်းစဉ်အတွင်း ပစ်ခတ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ဇနီးဟောင်းဖြစ်သူမှာ အခြားအမျိုးသားတစ်ဦးနှင့် အတူရှိနေသည်ကို မြင်တွေ့ရသဖြင့် သဝန်တိုကာ ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
တရားခံအား ဆက်လက်အရေးယူနိုင်ရန်အတွက် ဥဒွန်ဆွတ် ရဲစခန်းသို့ လွှဲပြောင်းထိန်းသိမ်းသွားမည်ဖြစ်သော်လည်း မည်သည့်ပုဒ်မများဖြင့် အမှုဖွင့် တရားစွဲဆိုမည်ကိုမူ ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
Ref: Thaiger
