၁၃.၇.၂၀၂၆
Written by Linn Eain
ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ၏ မော်လမြိုင်မြို့တွင် သုံးရက်ကြာ ကွင်းဆင်းဆေးကုသမှုအတွင်း ဒေသခံပြည်သူ စုစုပေါင်း ၂၃၀၀ ခန့်ကို ကြည့်ရှုကုသပေးနိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ကွင်းဆင်းဆေးကုသမှုကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကုသရေးဦးစီးဌာန၏ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) (ရန်ကုန်)နှင့် ကလေးဆေးရုံကြီး(ရန်ကုန်)တို့မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီး ၁၂ ဦးပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့်အတူ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဒေသခံပြည်သူများကို ဇူလိုင်လ (၁၀) ရက်မှ (၁၂) ရက်အထိ ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အထူးကုဆေးကုသရေးအဖွဲ့၏ ကုသမှုအစီအစဉ်တွင် ဆေးပညာဆိုင်ရာလူနာ(၅၇၃)ဦး၊ ဦးနှောက်နှင့်အာရုံကြောဆေးကုသမှုဆိုင်ရာလူနာ (၁၇၆)ဦး၊ နှလုံးရောဂါဆိုင်ရာလူနာ (၂၀၃)ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာလူနာ (၉၄)ဦး၊ ရင်ခေါင်းရောဂါဆိုင်ရာလူနာ (၄၇)ဦး၊ အရိုးအကြောအဆစ်ရောဂါဆိုင်ရာလူနာ (၃၄၇)ဦး၊ ဆီးချိုနှင့်ဟော်မုန်းရောဂါ လူနာ (၂၀၁)ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ (၆၈)ဦး၊ ကလေးဦးနှောက်နှင့်အာရုံကြော ရောဂါဆိုင်ရာလူနာ(၉၆)ဦး၊ ကလေးကင်ဆာရောဂါဆိုင်ရာလူနာ (၈၀)၊ ဆီးနှင့် ကျောက်ကပ်ဆေးကုသမှုဆိုင်ရာလူနာ (၁၁၄)ဦး၊ အရိုးရောဂါဆိုင်ရာလူနာ(၂၆၆)ဦး၊ စုစုပေါင်းဒေသခံပြည်သူ (၂၂၆၅)ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကုသမှုများတွင် နှလုံးပုံရိပ်ဖော်ရိုက်ကူးခြင်း (Echocardiography) (၇၂)ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုကုသခြင်း (၁၄)ဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း ရှစ်ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့်စစ်ဆေးခြင်း(CT scan) (၃၃)ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း (၁၄၈)ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု (၃၉၀)၊ သွေးချိုဓာတ် (Hb A1C) တိုင်းတာခြင်း (၆၆) ဦး၊ H.pylori test (၁၂)ဦး၊ RBS (၂၅၀)၊ တယ်လီဗေးရှင်းဓာတ်မှန် (Ultrasound)ဖြင့် ရောဂါရှာဖွေခြင်း (၁၄၆)ဦး၊ နှလုံးစက်ဖြင့်စစ်ဆေးခြင်း (ECG) (၂၉၁) ဦးတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများသို့ လာရောက်ပြသသော လူနာများတွင် မော်လမြိုင်မြို့နယ်သာမက မွန်ပြည်နယ်ရှိ မြို့နယ်ပေါင်း (၁၀)မြို့နယ်မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများပါဝင်ပြီး ရောဂါရှာဖွေစစ်ဆေးမှုနှင့် ကုသမှု ဆက်လက်ဆောင်ရွက်ရန် လိုအပ်သော လူနာ(၁၁၁)ဦးကို သက်ဆိုင်ရာ ဆေးရုံကြီးများသို့ လွှဲပြောင်းကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက တိုင်းဒေသကြီး/ ပြည်နယ်များရှိ ပြည်သူ့ဆေးရုံကြီးများသို့ လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများက ခရိုင်/ မြို့နယ်များသို့လည်းကောင်း ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိပြီး ယခုကဲ့သို့ အထူးကုဆေးကုသရေး အစီအစဉ်များကို အခြားမြို့နယ်များတွင်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

