နေမိုး
၁၃. ၇. ၂၀၂၆
နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်၏ အခါတော်ပေးဖြစ်ခဲ့သူ ဒေါက်တာဖေဉာဏ်ဟု နာမည်ကျော် လူသိများခဲ့သော ဦးပညာဝံသ လုပ်ကြံသတ်ဖြတ်ခံရမှု တရားခံများအား ဖော်ထုတ်ဖမ်းဆီးပြီးနောက် စစ်ဆေးနေပြီဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။
ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ စန္ဒကူးမြိုင်လမ်း၊ စန္ဒကူးမြိုင်ရိပ်သာဘုန်းကြီးကျောင်းဝင်းအတွင်း ပန်းရန်လုပ်ငန်းလုပ်ကိုင်သူနှစ်ဦးသည် ဇူလိုင်လ ၂ ရက် နံနက် ၁၁ နာရီခွဲအချိန်၌ ကျောင်းတိုက်ဆရာတော် ဒေါက်တာဖေဉာဏ် (ခ) ဦးပညာဝံသ၊ သက်တော် (၇၅) နှစ်၊ ဝါတော် (၁၅) ဝါအား ဆွမ်းချိုင့်ပို့ရန် လျှောက်ထားရာ လျှောက်ထား ခေါ်ယူ၍မရသည့်အပြင် ကျောင်းတံခါးများအားပိတ်ထားသဖြင့် ဆရာတော်ကြီးသီတင်းသုံးရာ ကျောင်းဆောင် ခေါင်းရင်းရှိ သော့ချိတ်ထားသော တံခါးမကြီးမှ ဝင်ရောက်ကြည့်ရာ ဆရာတော်မှာ အိပ်ခန်းနှင့် စာကြည့်ခန်းကူးရာ တံခါးဝ၌ မှောက်လျှက်တစောင်းအနေအထားဖြင့် လဲကျသေဆုံးနေကြောင်း တွေရှိရသဖြင့် ကျောင်းဒါယိကာ ဦး(-) အား ဖုန်းဆက်အကြောင်းကြားခဲ့ရာ ၎င်းက ရဲတပ်ဖွဲ့သို့ ဖုန်းဆက်အကြောင်းကြားခဲ့သည်ဟု သိရသည်။
ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာသို့ သွားရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဆရာတော်ကြီး၏ရုပ်အလောင်းအား မှုခင်းဆေးစာဖြင့် မှော်ဘီပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့သဖြင့် ဆေးရုံရှိတာဝန်ကျဆရာဝန်ကြီးက ရင်ခွဲစစ်ဆေးခဲ့ရာ ဆရာတော်ကြီးမှာ ယာဘက်နံညွှန့်အား ချွန်ထက်သောအရာဖြင့် ထိုးသွင်းခံရသည့် ဒဏ်ရာကြောင့် အသည်းထုတ်ချင်းပေါက်ဒဏ်ရာရရှိ သေဆုံးရခြင်းဖြစ်သည်။
ထို့ကြောင့် CID (Criminal Investigation Department) နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူ/များအား ဖမ်းဆီးရမိရေးအတွက် ခေါ်ယူစစ်ဆေးမေးမြန်းမှုများ အပူတပြင်း ဆောင်ရွက်လျက်ရှိသော်လည်း ဖြစ်စဥ်ဖြစ်ပွားပြီး ၁၀ ရက်ခန့်ကြာသည့်အထိ တရားခံ ဖမ်းဆီးရမိခဲ့ခြင်းမရှိခဲ့သော်လည်း ယမန်နေ့ ဇူလိုင် ၁၁ ရက်တွင်မူ ကျူးလွန်သူငါးဦးအနက် လေးဦးဖမ်းမိထားကြောင်း၊ ကျူးလွန်သူများမှာလည်း ပန်းရန်လုပ်ကိုင်သူများသာဖြစ်ပြီး တစ်ဦးလွတ်မြောက်နေကြောင်းနှင့် တရားခံများကို စစ်ဆေးနေသည်မှာ မှန်သော်လည်း လတ်တလောတွင် ပြောခွင့်မရှိသေးဘဲ သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း MT News ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ဦးဇင်း ဒေါက်တာဖေဉာဏ်ကို လူသတ်လုယက်တရားခံများ ဖမ်းမိပါပြီ။ ပန်းရန်အဖွဲ့ မှော်ဘီမှ(၂)ယောက်၊ ဧရာဝတီမှ(၂)ယောက်ကို ဖမ်းဆီးရမိပြီး ၎င်းတို့အား စစ်ကြောချက်အရ တစ်ဦးလွတ်မြောက်နေပါတယ်။ သံချောင်းများအား ခိုးရန်လာရာ… ဘုန်းကြီးတစ်ပါးတည်း တရားထိုင်နေသဖြင့် လုရန်ဝင်လာစဉ် ဘုန်းကြီးသိသွားသဖြင့် ဓားဖြင့် စထိုးရာ ဘုန်းကြီးက … “ပိုက်ဆံလိုပါက ယူကြပါ အသက်တော့ချမ်းသာပေးပါ”ဟု ပြောသဖြင့် ဆက်မထိုးဘဲ ထားခဲ့ပြီး ပိုက်ဆံများသာယူခဲ့သော်လည်း နောက်ကြောကဓားချက်သည် အသဲထိစိုက်ဝင်ပြီးသေဆုံးခဲ့ဟုသိရ”ဟု လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သည့် တယ်လီဂရန်ချန်နယ်များတွင် ယနေ့ဖော်ပြနေသည်ကိုလည်း တွေ့ရှိရသည်။
ဒေါက်တာဖေဉာဏ်သည် နာမည်ကြီး ဝေဒပညာရှင်တစ်ဦးဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်နှင့် နိုင်ငံတော်အစိုးရတာဝန်ရှိသူများအကြား အခါတော်ပေးအဖြစ် ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်းလည်း သိရသည်။
