

၁၃ .၇.၂၀၂၆
Written by Thiri
ပဲခူးမြို့၊ ဥဿာမြို့သစ် (၈) ရပ်ကွက်၊ စက်မှုဇုန် (၂) မှာရှိတဲ့ Zhengbang Myanmar (ကျန်းပန်း မြန်မာ) တိရစ္ဆာန်အစာချက်စက်ရုံမှာ ဇူလိုင် ၁၃ ရက် ဒီကနေ့ညနေပိုင်းက လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၃ ဦး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
သေဆုံးသူတွေက စက်ရုံအလုပ်သမား ၃ ဦး ဖြစ်ကြတဲ့ ဦးအောင်လင်းဦး၊ ဦးချမ်းသာနဲ့ ဝေယံစိုးတို့ ဖြစ်ကြပြီး ကြက်စာနဲ့ ဝက်စာတွေ စပ်ရာမှာသုံးတဲ့ ငါးဆီဖျန်းလုပ်ငန်း လုပ်ကိုင်တဲ့နေရာ အမြင့် ၁၀ ပေ၊ အနက် ၁၅ ပေခန့်ရှိတဲ့ သံလှောင်ကန်အတွင်း လုပ်ငန်းခွင်ဝင်နေကြရင်း အခုလို ဖြစ်စဉ် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ညနေ ၅ နာရီခန့်မှာ စက်ရုံစက်ပြင်ဆရာက သူတို့ သုံးဦး ကို Icon စကားပြောစက်နဲ့ ဆက်သွယ်ရာ တုံ့ပြန်မှုမရရှိတာကြောင့် ငါးဆီကန်သို့ သွားရောက်စစ်ဆေးခဲ့ရာကနေ အဆိုပါ အလုပ်သမား ၃ ဦး ကန်အတွင်း လဲကျသေဆုံးနေတာကို တွေ့ရှိခဲ့ရတာလို့ သိရပါတယ်။
စက်ပြင်ဆရာက ပတ်ဝန်းကျင်ရှိ အလုပ်သမားတွေကို အကူအညီတောင်းပြီး ကန်အတွင်းကနေ ကြိုးနဲ့ ဆွဲတင်ကယ်ဆယ်ခဲ့ကြပေမယ့် ၃ ဦးစလုံး သေဆုံးသွားခဲ့ပြီဖြစ်လို့ သက်ဆိုင်ရာရဲ့ စုံစမ်းစစ်ဆေးမှုတွေ အပြီးမှာ သူနာတင်ယာဉ်နဲ့ ညနေ ၆ နာရီခန့်မှာ ပဲခူးပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ကြတယ်လို့သိရပါတယ်။
လက်ရှိမှာတော့ လုပ်ငန်းခွင်အတွင်း အခုလို အလုပ်သမား ၃ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက သေဆုံးရတဲ့ အကြောင်းရင်းမှန်ကို သိရှိနိုင်ဖို့အတွက် အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေကြောင်း သတင်းရရှိပါတယ်။
