◾ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်ဆရာတော်အား သတ်ဖြတ်၍ လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေကျပ် ၅ သိန်း လုယက်ယူဆောင်သူ တရားခံ ၅ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
နေမိုး
၁၃. ၇. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်ဆရာတော် ဒေါက်တာဖေဉာဏ်အား သတ်ဖြတ်၍ လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေကျပ် ၅ သိန်း လုယက်ယူဆောင်သူ တရားခံ ၅ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီဖြစ်သည်ဟု ယခုည အတည်ပြုသည်။
နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်အပါအဝင် အစိုးရအရာရှိများ၏ အခါတော်ပေးဖြစ်ခဲ့သူ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ (၂)ရပ်ကွက်ရှိ စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက် အတွင်း၌ သီတင်းသုံးလျက်ရှိသည့် စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်ဆရာတော် ဦးပညာဝံသ(ခ) ဒေါက်တာ ဖေဉာဏ်(၇၅)နှစ် (၁၅)ဝါသည် ဇူလိုင်လ ၂ ရက်နေ့ နေ့လယ်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်ရှိ ကျောင်းဆောင်အတွင်း၌ ဓားဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရပြီး ဆရာတော်၏ လက်ကိုင်ဖုန်း ၂ လုံး ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသဖြင့် မှော်ဘီမြို့မရဲစခန်းတွင် (ပ)၃၂၂/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၃၉၄ ဖြင့် အမှုရေးဖွင့်ပြီး ပြစ်မှုကျူးလွန်သူ တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော အထူးအမှုစစ်အဖွဲ့သည် တရားခံများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်အတွင်း ဝင်/ထွက်သွားလာသူများအား စိစစ်ဆောင်ရွက်ခြင်း၊ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းတို့ ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြစ်မှုကျူးလွန်သူ မှော်ဘီမြို့နယ်၊ ကုလားကြီးကုန်းကျေးရွာနေ တရားခံ သက်ပိုင်ထွန်း(ခ)ပိုင်လေး(၂၀)နှစ်အား ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။
တရားခံ သက်ပိုင်ထွန်း(ခ)ပိုင်လေးအား စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေပိုင်းတွင် ပြစ်မှုကျူးလွန်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ကုလားကြီးကုန်းကျေးရွာနေ စိုးရာဇာ(ခ) စိုးဝင်းကျော်(၂၂)နှစ်နှင့် ဝေယံနိုင်(ခ)ဝေယံ(၁၉)နှစ်တို့ ၂ ဦးအား မှော်ဘီမြို့နယ်၊ ကုလားကြီးကုန်း ကျေးရွာရှိ ၎င်းတို့၏ နေအိမ်များ၌လည်းကောင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်နေ တရားခံ တိုးဝင်းကျော် (ခ) တိုးဝေကျော် (ခ) ကုလား (၂၈) နှစ်အား လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ (၇) ရပ်ကွက်ရှိ ရွှေထိပ်တင် ဘီယာဆိုင်အနီး၌လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိ တရားခံများဖြစ်ကြသည့် သက်ပိုင်ထွန်း(ခ)ပိုင်လေး၊ စိုးရာဇာ(ခ)စိုးဝင်းကျော်၊ ဝေယံနိုင်(ခ)ဝေယံနှင့် တိုးဝင်းကျော်(ခ)တိုးဝေကျော်(ခ)ကုလားတို့ ၄ ဦးအား စစ်ဆေးချက်အရ ၎င်းတို့ ၄ ဦးနှင့် ဖမ်းဆီးရန်ကျန် တရားခံ စိုးထက်(ခ)အေကေတီတို့ ၅ ဦးသည် မှော်ဘီမြို့နယ်၊ ကုလားကြီးကုန်းကျေးရွာအတွင်း ပန်းရံလုပ်ကိုင်နေကြသူများဖြစ်ကြောင်း၊ ဇူလိုင်လ ၁ ရက်နေ့ နေ့လယ်ပိုင်းတွင် သက်ပိုင်ထွန်း(ခ)ပိုင်လေး၏နေအိမ်တွင် ၎င်းတို့ ၅ ဦးတွေ့ဆုံခဲ့ကြပြီး သက်ပိုင်ထွန်း (ခ)ပိုင်လေးမှ ငွေကြေးအဆင်မပြေကြောင်းပြောရာ စိုးရာဇာ(ခ)စိုးဝင်းကျော်မှ မှော်ဘီမြို့နယ်၊ (၂)ရပ်ကွက်ရှိ စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်အတွင်း ဝင်ရောက်ခိုးယူရန် တိုင်ပင်ခဲ့ကြပြီး ည ၁၀ နာရီအချိန်တွင် ၎င်းတို့ ၅ ဦးသည် စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်ရှိ ကျောင်းဆောင်အတွင်းသို့ ဝင်ရောက်ခဲ့ကြကြောင်း၊ ကျောင်းဆောင်အတွင်း ရောက်ရှိစဉ် ဆရာတော်ကြီးအား ကုတင်ပေါ်တွင် ထိုင်လျက်တွေ့ရှိရပြီး ဆရာတော်ကြီးမှ ၎င်းတို့အား မြင်တွေ့သွားခဲ့သဖြင့် အသင့်ပါလာသည့် အရိုး/အသွား ၁၈ လက်မခန့်ရှိ ဓားမြှောင် ၁ ချောင်းနှင့် ကျောင်းဆောင်အတွင်းမှ တွေ့ရှိရသည့် စတီးဓား ၁ ချောင်းတို့ဖြင့် ဆရာတော်ကြီးအား ထိုးသတ်ခဲ့ကြသည်။
ထို့နောက် ဆရာတော်ကြီးထံမှ လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေကျပ် ၅ သိန်းတို့အား လုယက် ယူဆောင်ခဲ့ပြီး ဖုန်း ၂ လုံးအား စိုးရာဇာ(ခ)စိုးဝင်းကျော်နှင့် သက်ပိုင်ထွန်း(ခ)ပိုင်လေးတို့မှ ၁ လုံးစီ ယူဆောင်ကာ ခိုးယူရရှိငွေ ၅ သိန်းကျပ်အား ဝေယံနိုင်(ခ)ဝေယံမှ ၁ သိန်း ၄ သောင်းကျပ်နှင့် တိုးဝင်းကျော်(ခ)တိုးဝေကျော်(ခ)ကုလားနှင့် ဖမ်းဆီးရန်ကျန်တရားခံ စိုးထက်(ခ)အေကေတီတို့မှ ၁ သိန်း ၈ သောင်းကျပ်စီ ခွဲဝေယူဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။

သက်ပိုင်ထွန်း(ခ)ပိုင်လေးပါ ၄ ဦးတို့၏ ထွက်ဆိုချက်အရ သက်သေခံပစ္စည်းများ သိမ်းဆည်း ရရှိရေးဆောင်ရွက်ခဲ့ရာ သက်သေခံဖုန်း ၂ လုံးအား မှော်ဘီမြို့နယ်ရှိ ဖုန်းအပိုပစ္စည်းအရောင်းဆိုင် များမှလည်းကောင်း၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားမြှောင် ၁ ချောင်းနှင့် လောက်လေးခွ ထည့်ထားသည့် ဘေးလွယ်အိတ် ၁ လုံးတို့အား စန္ဒကူးမြိုင် ရိပ်သာကျောင်းဝန်းအတွင်းရှိ ရေမြောင်း အတွင်းမှလည်းကောင်း သိမ်းဆည်းရရှိခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံဖြစ်သူ တောင်ငူမြို့နယ်နေ တရားခံ စိုးထက်(ခ)အေကေတီ(၁၉)နှစ်အား ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းတွင် တောင်ငူ မြို့နယ်၊ (၁၉)ရပ်ကွက်ရှိ ညောင်ပင်လေးဈေးအနီး၌လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် မှော်ဘီမြို့နယ်၊ စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက် ဆရာတော်အား သတ်ဖြတ်ပြီး လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေကျပ် ၅ သိန်းအား လုယက်ယူဆောင်ခဲ့သူ တရားခံ သက်ပိုင်ထွန်း(ခ) ပိုင်လေး၊ စိုးရာဇာ(ခ)စိုးဝင်းကျော်၊ ဝေယံနိုင်(ခ)ဝေယံ၊ တိုးဝင်းကျော်(ခ)တိုးဝေကျော်(ခ)ကုလားနှင့် စိုးထက်(ခ)အေကေတီတို့ ၅ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
