သက်တံ့
၁၃. ၇. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဖက်ချာဘွန် (Phetchabun) ပြည်နယ်တွင် မူးယစ်ဆေးစွဲနေသည့် သားဖြစ်သူ၏ နှိပ်စက်ညှင်းပန်းမှုကြောင့် နေအိမ်မှ ထွက်ပြေးတိမ်းရှောင်သွားသည့် မျက်စိမမြင်ရသူ ဖခင်ဖြစ်သူအား ရေမြောင်းတစ်ခုအတွင်း သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့ကတည်းက ပျောက်ဆုံးနေခဲ့သော အသက် ၆၀ အရွယ် ဆိုဖာ (Sopha) ၏ ရုပ်အလောင်းကို ယမန်နေ့ (ဇူလိုင် ၁၂ ရက်) က စီသက် (Si Thep) ခရိုင်ရှိ မြောင်းတစ်ခုအတွင်း ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
၎င်း၏ ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူ ပျောက်ဆုံးသွားကြောင်း သိရှိရသဖြင့် ဘန်ကောက်မြို့မှ ပြန်လာခဲ့ပြီး ဒေသခံများနှင့် ကယ်ဆယ်ရေးစေတနာ့ဝန်ထမ်းများနှင့်အတူ လိုက်လံရှာဖွေခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
၎င်းက မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ကြမ်းတမ်းရုန်းရင်းဆန်ခတ် ပြုမူတတ်သည့် အသက် ၂၈ နှစ်အရွယ် သားဖြစ်သူကို ကြောက်လန့်သဖြင့် မျက်စိတစ်ဖက်ကွယ်နေသော ခင်ပွန်းဖြစ်သူမှာ နေအိမ်မှ ထွက်ပြေးသွားခဲ့ခြင်းဖြစ်နိုင်ကြောင်း ယုံကြည်နေသည်။
မူးယစ်ဆေးစွဲနေသည့် သားဖြစ်သူသည် မူးယစ်ဆေးဝါးဝယ်ယူရန်အတွက် ဒေသခံများထံမှ ပစ္စည်းများခိုးယူရန် ဖခင်ဖြစ်သူ ဆိုဖာ ကို အတင်းအကျပ် ဖိအားပေးခဲ့ကြောင်း၊ ယင်းအခြေအနေကို မခံမရပ်နိုင်တော့သည့်အတွက် မိမိကိုယ်တိုင်လည်း ဘန်ကောက်မြို့သို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ရခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူက စုံစမ်းစစ်ဆေးသူများကို ထွက်ဆိုခဲ့သည်။

ဒေသခံတစ်ဦးက ချန်နယ် ၇ (Channel 7) သတင်းဌာနသို့ ပြောကြားရာတွင် ဆိုဖာ မပျောက်ဆုံးမီ တရက်အလိုက မသန်စွမ်းထောက်ပံ့ကြေးငွေ ထုတ်ယူရန်အတွက် သားဖြစ်သူက ဆိုဖာ ကို ဘဏ်သို့ လိုက်လံပို့ဆောင်ပေးနေသည်ကို မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။
ယမန်နေ့က ကျေးရွာလူကြီးတစ်ဦးက ဆိုဖာ၏ နေအိမ်နှင့် ၃ ကီလိုမီတာခန့် ကွာဝေးသော မြောင်းတစ်ခုအတွင်း ၎င်း၏ ရုပ်အလောင်းမှာ မှောက်လျက်အနေအထားဖြင့် မျောပါနေသည်ကို တွေ့ရှိခဲ့ရာမှ ရှာဖွေရေးလုပ်ငန်းများ ပြီးဆုံးခဲ့သည်။
ကယ်ဆယ်ရေးဝန်ထမ်းများ၏ ပြောကြားချက်အရ ရုပ်အလောင်း၏ လက်မောင်းနှင့် ခြေထောက်တို့တွင် ဒဏ်ရာအချို့ တွေ့ရှိရသော်လည်း အဆိုပါဒဏ်ရာများ မည်သို့ရရှိခဲ့သည်ကိုမူ အတည်မပြုနိုင်သေးကြောင်း၊ ထို့ကြောင့် သေဆုံးရသည့်အကြောင်းရင်းကို အတည်ပြုနိုင်ရန်အတွက် ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးရန် ပို့ဆောင်ထားကြောင်း သိရသည်။
ကျေးရွာလူကြီးက စုံစမ်းစစ်ဆေးသူများကို ပြောကြားရာတွင် ဆိုဖာသည် အမြင်အာရုံချို့ယွင်းနေသူဖြစ်သဖြင့် အဆိုပါမြောင်းဆီသို့ တစ်ဦးတည်း ရောက်ရှိသွားရန်မှာ မဖြစ်နိုင်ကြောင်းနှင့် ယခုသေဆုံးမှုနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေရှိသည့် အခြေအနေအားလုံးကို စုံစမ်းစစ်ဆေးပေးရန် ရဲတပ်ဖွဲ့ကို တိုက်တွန်းထားသည်။
သေဆုံးသူ၏ သားဖြစ်သူကမူ ဖခင်ဖြစ်သူကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။ ၎င်းက ဖခင်ဖြစ်သူကို တစ်ကြိမ်မျှ ရိုက်နှက်နှိပ်စက်ခြင်း မရှိခဲ့ဘဲ ယခင်က ပြုမူခဲ့သည်များမှာ စနောက်ခြင်းသာဖြစ်ကြောင်းနှင့် ဖခင်ဖြစ်သူ မည်သို့သေဆုံးသွားသည်ကို မသိရှိကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
စီသက် (Si Thep) ရဲစခန်းမှ ရဲအရာရှိများသည် အမှုတွဲအတွက် ရင်ခွဲစစ်ဆေးချက် အဖြေကို စောင့်ဆိုင်းလျက်ရှိပြီး ဖက်ချာဘွန်မြောင်းအတွင်း သေဆုံးမှုဖြစ်စဉ်ကို ဆက်လက်စုံစမ်းစစ်ဆေးနေကာ ရလဒ်ထွက်ပေါ်လာပြီးမှသာ ရှေ့ဆက်အရေးယူမည့် ဥပဒေကြောင်းအရ လုပ်ငန်းစဉ်များကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref: Thaiger
