သက်တံ့
၁၃. ၇. ၂၀၂၆
မလေးရှားနိုင်ငံ၊ မလက္ကာ (Melaka) ပြည်နယ်၊ အာလိုဂါဂျာ (Alor Gajah) ခရိုင် ကီလီမက်ခ်ရှိ တမန်မေဝါး (Taman Mewah) တွင် မြန်မာနိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းမျိုးစုံနှင့် ယမကာများကို ရောင်းချနေသည့် ကုန်စုံဆိုင်တစ်ဆိုင်ကို မလက္ကာလူဝင်မှုကြီးကြပ်ရေးဌာနက ယနေ့ ဝင်ရောက်စီးနင်းခဲ့ရာ၊ ကလေးငယ် ၂ ဦးအပါအဝင် မြန်မာနိုင်ငံသား ၆ ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။
အဆိုပါ စီးနင်းမှုကို မလက္ကာပြည်နယ် လူဝင်မှုကြီးကြပ်ရေးညွှန်ကြားရေးမှူး အနီဝမ် ဖော်ဇီ မိုဟာမက် အာအီနီ (Anirwan Fauzee Mohd Aini) ဦးဆောင်ကာ ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အသက် ၄၀ ဝန်းကျင်အရွယ်ရှိ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး အပါအဝင် လူကြီး ၄ ဦးတွင် ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်) သာ ရှိသည်ကို တွေ့ရှိရပြီး၊ အသက် ၁ နှစ်နှင့် ၇ နှစ်အရွယ် ကလေးငယ်နှစ်ဦးတွင်မူ မည်သည့် တရားဝင်ခရီးသွားလာခွင့် သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအထောက်အထားစာရွက်စာတမ်းမှ မရှိကြကြောင်း ပြောကြားခဲ့သည်။
၎င်း၏ပြောပြချက်အရ ကနဦးစုံစမ်းစစ်ဆေးမှုများတွင် ဆိုင်အတွင်းနှင့် အပြင်ဘက်၌ စီစီတီဗီ (CCTV) ကင်မရာများ တပ်ဆင်ထားသည့် အဆိုပါကုန်စုံဆိုင်သည် လွန်ခဲ့သော နှစ်နစ်ခန့်ကတည်းက ဖွင့်လှစ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံသားတွေဆီကရတဲ့ ကနဦးအချက်အလက်တွေအရ ဒီဆိုင်ဟာ ပြည်တွင်း (မလေးရှား) လူမျိုးတစ်ဦး ပိုင်ဆိုင်တာဖြစ်ပြီး စီးပွားရေးလိုင်စင်ကတော့ ‘အလီဘာဘာ’ (Ali Baba) စနစ်ပုံစံမျိုး လုပ်ထားတာဖြစ်ဖို့ များပါတယ်။ အဲဒါကတော့ ပြည်တွင်းလိုင်စင်အမည်ခံထားပြီး လက်တွေ့မှာတော့ နိုင်ငံခြားသားတွေကပဲ ဆိုင်ကို ဦးစီးလုပ်ကိုင်နေတဲ့ သဘောဖြစ်ပါတယ်” ဟု ၎င်းက ဆိုသလို “ဒီစစ်ဆင်ရေးမှာ ကျွန်တော်တို့ဟာ နိုင်ငံခြားသားတွေကို အလုပ်ခန့်ထားတယ်။ ဒါမှမဟုတ် နိုင်ငံခြားသားတွေ ကိုယ်တိုင်ဦးစီးပြီး ဖွင့်လှစ်ထားတယ်လို့ ယူဆရတဲ့ ကီလီမက်ခ် (Kelemak) ဧရိယာက ဆိုင်အတော်များများကို ပစ်မှတ်ထားပြီး ဆောင်ရွက်ခဲ့တာပါ” ဟု ၎င်းက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြိုင်နက်တည်း ပြုလုပ်သည့် လူဝင်မှုကြီးကြပ်ရေး စစ်ဆေးမှုအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ယခု စစ်ဆင်ရေးအတွင်းမှာပင် တမန်ဆီရီ ကီလီမက်ခ် (Taman Seri Kelemak) ရှိ မာမတ်ခ် (Mamak) စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အိန္ဒိယအမျိုးသား ၃ ဦးကိုလည်း ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း အနီဝမ် ဖော်ဇီက ပြောသည်။
၎င်းတို့အား ဝင်ရောက်စီးနင်းဖမ်းဆီးချိန်တွင် အသက် ၃၀ ဝန်းကျင်အရွယ်ရှိ အဆိုပါအမျိုးသား ၃ ဦးသည် စားပွဲထိုး၊ ရိုတီ(Roti Canai) လုပ်ဆောင်သူနှင့် ဖျော်ရည်စပ်သူများအဖြစ် အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။
“အဲဒီစားသောက်ဆောင်ကို စစ်ဆေးရာမှာ အွန်လိုင်းလောင်းကစား ငွေဖြည့် (Top-up) တဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ သံသယရှိရတဲ့ အခန်းတစ်ခန်းကိုလည်း တွေ့ရှိခဲ့ပါတယ်။ အသက် ၂၀ ကျော် အရွယ်ရှိ အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးကိုလည်း တရားဝင် ခရီးသွားလာခွင့် အထောက်အထားမရှိဘဲ အဆိုပါ အွန်လိုင်းလောင်းကစား ငွေဖြည့်လုပ်ငန်းမှာ အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်နေတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
အာလိုဂါဂျာ (Alor Gajah) နှင့် မလက္ကာတန်ဂါ (Melaka Tengah) ခရိုင်များအတွင်း ပြုလုပ်ခဲ့သည့် ၎င်းစစ်ဆင်ရေးအတွင်း နိုင်ငံခြားသား စုစုပေါင်း ၆၄ ဦးကို စစ်ဆေးခဲ့ပြီး တရားဝင် သက်သေခံအထောက်အထား မရှိခြင်း၊ ပတ်စ်ပို့စည်းကမ်းချက်များ ချိုးဖောက်ခြင်းနှင့် ဗီဇာသက်တမ်းကျော် နေထိုင်ခြင်း အပါအဝင် လူဝင်မှုကြီးကြပ်ရေးဥပဒေအမျိုးမျိုးကို ချိုးဖောက်မှုဖြင့် ၄၀ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ဖမ်းဆီးခံရသူများတွင် ကလေးငယ် ၂ ဦး အပါအဝင် အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီး ၁၃ ဦး ပါဝင်ပြီး ၎င်းတို့မှာ အင်ဒိုနီးရှား ၇ ဦး၊ ဘင်္ဂလားဒေ့ရှ် ၇ ဦး၊ အိန္ဒိယ ၁၄ ဦး၊ မြန်မာ ၈ ဦးနှင့် နီပေါ ၄ ဦးတို့ဖြစ်ကြကာ အသက် ၁ နှစ်မှ ၄၀ နှစ်ကြား ရှိကြကြောင်း သိရသည်။
စစ်ဆေးမှုများ ပြုလုပ်စဉ်အတွင်း နိုင်ငံခြားသားအချို့သည် အနီးနားရှိ တောအုပ်ထဲသို့ ထွက်ပြေးရန် ကြိုးပမ်းခြင်းနှင့် လမ်းကို မဆင်မခြင် ဖြတ်ကူးခြင်းတို့ကြောင့် အန္တရာယ်ရှိခဲ့သော်လည်း အားလုံးကို အောင်မြင်စွာ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
Ref: Bernama
