သတိုး
၁၃. ၇. ၂၀၂၆
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် ဩဂုတ်လဆန်းပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားဝင် ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း အာဆီယံသတင်းရင်းမြစ်များက တနင်္လာနေ့ (ဇူလိုင် ၁၃ ရက်) တွင် ပြောကြားခဲ့သည်။
ယခုခရီးစဉ်သည် ဦးမင်းအောင်လှိုင် ဧပြီလတွင် သမ္မတရာထူးကို ရယူပြီးနောက်ပိုင်း ဒုတိယမြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံ ခရီးစဉ် ဖြစ်လာမည် ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီး မြန်မာအစိုးရသစ်အဖွဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ပြီးနောက် ယခုလအစောပိုင်းက ၎င်း၏ ပထမဆုံးသော အာဆီယံအဖွဲ့ဝင်နိုင်ငံ တရားဝင်ခရီးစဉ်အဖြစ် လာအိုနိုင်ငံသို့ သွားရောက်ခဲ့သည်။ ထို့အတူ အိမ်နီးချင်းအင်အားကြီးနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်လည်း သွားရောက်ခဲ့သည်။
သတင်းရင်းမြစ်များကမူ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံ ခရီးစဉ် အသေးစိတ်အချိန်ဇယားကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ ထိုင်းနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာထိန်းသိမ်းမှုအပြီး မြန်မာနိုင်ငံအား အာဆီယံထိပ်သီး အစည်းအဝေးများမှ ဖယ်ကြဉ်ခဲ့ရာမှ ဒေသတွင်းအဖွဲ့အစည်းနှင့် ပြန်လည်ပူးပေါင်းနိုင်ရေးအတွက် အဓိက ကြိုးပမ်းပေးနေသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်သည်။
ဘန်ကောက်မြို့တွင် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ အပါအဝင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးအတွင်း၊ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး စီဟာဆတ် ဖူအန်ကက်ကောင်းက (Sihasak Phuangketkeow) က ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံအနေဖြင့် လက်တွေ့ကျသော လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
အဆိုပါ အစည်းအဝေးပြင်ပတွင် ၎င်းသည် ဦးတင်မောင်ဆွေနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အိမ်နီးချင်းနိုင်ငံများအဖြစ် ရင်းနှီးသော ဆက်ဆံရေးကို နှစ်ဖက်စလုံးက ပြန်လည်အတည်ပြုခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဆွေးနွေးပွဲတွင် နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် မြန်မာ့ပြည်တွင်းရေး အခြေအနေများသည် အဓိက ဆွေးနွေးခဲ့သည့် အကြောင်းအရာများ ဖြစ်ကြသည်။
ဦးမင်းအောင်လှိုင်သည် နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၅ ခုနှစ် ဧပြီလက ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် ဘင်းမ်စတက် (BIMSTEC) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ဖူးသည်။
Ref: Bangkok Post
